တွံတေး၌ (၁၈)ကြိမ်မြောက် စာအောင်သံဃာတော်များအား ဆုချီးမြှင့်လှူဒါန်းပွဲ အခမ်းအနားကျင်းပ

တွံတေး ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်လုံးဆိုင်ရာ ပရိယတ္တိဥပဌာက ကုသိုလ်ပြုအဖွဲ့၏ (၁၈)ကြိမ်မြောက် ဆွမ်းဆန်တော်၊ ပစ္စည်းလေးပါး အာစိဏ္ဏကံကုသိုလ်ပဒေသပင်နှင့် ၂၀၂၄ ခုနှစ်စာအောင် သာသနဓဇ ဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ပါဠိပထမပြန်အောင်မြင့်တော်မူသော သံဃာတော်အရှင်သူမြတ်များကို ချီးမြှင့်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ရွှေဆံတော်စေတီရင်ပြင်မြောက်ဘက်ရှိ ချစ်တီး၊ ဒေါ်ပု တန်ဆောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ပြီး တေးသံရှင်သိန်းဇော်မှ ထူးမခြားနား ဓမ္မတေးဖြင့်ပူဇော်ကာ တွံတေးမြို့ ညောင်တံခါးကျောင်းတိုက်၏ ပဓာန နာယက ဆရာတော်ဘဒ္ဒန္တသုမနထံမှ ပရိတ်သတ်အပေါင်းက ကိုးပါးသီလ ဆောက်တည်ခဲ့သည်။ ထို့နောက် ကြွရောက်လာကြသော သံဃာတော်အရှင်သူမြတ်အပေါင်းတို့မှ ပရိတ်တရားတော်များ ချီးမြှင့်ပေးခဲ့သည်။ ယင်းနောက် ပရိယတ္တိသာသနဥပဌာက ကုသိုလ်ပြုအဖွဲ့ကိုယ်စား သာသနာတော်ချီးမြောက်ထောက်ပံ့မှုကို ဦးစိုးလွင်က ဖတ်ကြားလျှောက်ထားပြီး လှူဖွယ်ဝတ္ထုအစုစုတို့ကို သြဝါဒ စရိယဆရာတော်ကြီးများအား ဆက်ကပ်လှူဒါန်းခဲ့သည်။ ဆက်လက်၍ သာသနဓဇ ဓမ္မစရိယ၊ ဝိနယဝိဒူ၊ ပါဠိပထမပြန်စာအောင်သံဃာ(၁၅၆)ပါးအား ဂုဏ်ပြုလွှာနှင့် လှူဒါန်းမှုများ ဆက်ကပ်ခဲ့ပြီး အသင်းသားထဲမှ ဒေါက်တာဘွဲ့ရရှိခဲ့သော ဦးအောင်အောင်ကိုအား ဒေါက်တာခေမာသီရီက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုငွေများချီးမြှင့်​ပေးခဲ့ကြောင်း သိရသည်။ ထာဝရပဒေသပင်စိုက်ထူ လှူဒါန်းကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ဆရာတော်များမှ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ထို့နောက် မြရွှေပင်သဒ္ဓမ္မသုခရိပ်သာ၊ ပုလဲမြို့သစ် ပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယက ဦးလှတောဆရာတော် ဒေါက်တာခေမာသီရိမှ သြဝါဒကထာနှင့် လှူဒါန်းမှုအစုစုတို့အတွက် နုမောဒနာတရားနှင့် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို အခမ်းအနားပြီးမြောက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင်(ပြန်/ဆက်)