သထုံမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် အသိပညာပေးဟောပြောပွဲ၊ ပြပွဲပြိုင်ပွဲများပြုလုပ်

သထုံ ဒီဇင်ဘာ ၁၆

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အသိပညာပေးဟောပြောခြင်းနှင့် ပြပွဲပြိုင်ပွဲတို့ကို ယနေ့နံနက်ပိုင်းက သထုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှဌေးက ခေတ်အဆက်ဆက် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကြောင်းများ၊ လွတ်လပ်ရေးတိုက်ပွဲဝင်သူရဲကောင်းများ၊ ရရှိပြီးသည့်လွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့ရေးနှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်မြင့်မားရေးတို့ကို အသိပညာပေး ဆွေးနွေးဟောပြောသည်။

ယင်းနောက် ပုံပြင်ပြော၊ ကဗျာရွတ်၊ စာစီစာကုံးပြိုင်ပွဲများ၊ ဉာဏ်ရည်ထက်မြက်‌ရေး စစ်တုရင်ပြိုင်ပွဲများနှင့် အာလူးကောက်၊ ခွက်နင်းစသည့် ပျော်ရွှင်စရာအားကစားပြိုင်ပွဲများကို ကျင်းပပြုလုပ်ပေးရာ(ဝါးတော) အခြေခံပညာမူလတန်းလွန်‌ကျောင်းမှ ကျောင်းသား/ကျောင်းသူတို့က တပျော်တပါး ဝင်ရောက်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လွတ်လပ်ရေးနေ့နှင့်ပတ်သက်သည့် သိမှတ်ဖွယ်ရာ စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်နှင့် ဓာတ်ပုံများကို ခင်းကျင်းပြသပေးရာ တက်ရောက်လာကြသည့် ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်