သန်လျင်၌ မရှိ၍မလင်းသူမရှိစေရအစီအစဉ်ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေး

သန်လျင် ဒီဇင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်သော မရှိ၍မလင်းသူမရှိစေရအစီအစဉ်ဖြင့် ယနေ့နံနက်တွင် သန်လျင်ခရိုင်၊ သန်လျင်မြို့ အထွေထွေရောဂါကုဆေးရုံကြီး၌ မျက်စိအထူးကုဆရာဝန်ကြီးများက အမြင်အာရုံနည်းသူများကို စမ်းသပ်ကုသပေးခြင်း ဆောင်ရွက်ပေးခဲ့သည်။

ယင်းသို့ ဆောင်ရွက်ပေးရာတွင် မျက်စိလူနာ(၅၀၀)ကျော်ကို စမ်းသပ်စစ်ဆေးခြင်းနှင့် ခွဲစိတ်ကုသရန်ညွှန်းပို့ခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ ယနေ့ကျင်းပသော မရှိ၍မလင်းသူမရှိစေရ အစီအစဉ်ဖြင့် မျက်စိစမ်းသပ်ကုသဆောင်ရွက်ပေးရာသို့ သန်လျင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီးသန်းထိုက်ရွှေနှင့်အဖွဲ့ဝင်များ၊ သန်လျင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစိုးတင့်နှင့်အဖွဲ့ဝင်များ၊ သန်လျင်အထွေထွေရောဂါကုဆေးရုံအုပ်ကြီး ဒေါက်တာချောနန္ဒီနှင့် အထူးကုဆရာဝန်ကြီးများ၊ သူနာပြုများ၊ မိခင်ကလေးနှင့်အမျိုးသမီးရေးရာအဖွဲ့ဝင်များ ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးကြသည်။

ယ​နေ့ကုသမှုတွင် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေးမှ တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းကိုလည်း ပူးပေါင်းဆောင်ရွက်ခဲ့ပြီး တီဘီရောဂါလူနာများအား စမ်းသပ်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(ခရိုင်/ပြန်ဆက်)