မိုင်းကိုင် နိုဝင်ဘာ ၂၉
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းကိုင်မြို့နယ် ၊ စုံလောကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၏ နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်က မီးလောင်မှု ဖြစ်စဉ်ကြောင့် ဘုန်းတော်ကြီးကျောင်း တစ်ခုလုံး မီးလောင်ကျွမ်းခဲ့မှုအပေါ် တာဝန်ရှိသူများက ယမန်နေ့ နေ့လယ်ပိုင်း တွင် စုံလောကျေးရွာသို့ ကွင်းဆင်း၍ ထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။
အဆိုပါကွင်းဆင်းမှုတွင် မီးဘေးသင့်ဘုန်းတော်ကြီးကျောင်းရှိ ကျောင်းထိုင်ဆရာတော်နှင့် ရဟန်း/သာမဏေများ အတွက် မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးရဲထွန်းအောင်နှင့် ဌာနဆိုင်ရာများက ဆန်(၅) အိတ်၊ ခေါက်ဆွဲခြောက်(၁၀)ဖာ၊ သင်္ကန်းတစ်စုံ၊ ငွေ ၇၅၀၀၀၀ ကျပ်(ခုနစ်သိန်းငါးသောင်းကျပ်) တို့ကို လည်းကောင်း၊ လွိုင်လင်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ သင်္ကန်း(၁၄) စုံ၊ ကျောင်းဆောက် ပစ္စည်းများ၊ ခုနစ်ရက်စာ ဆန်ရိက္ခာစရိတ် တို့ကို လည်းကောင်း၊ ရဌပါရ လူမှုရေးအသင်း ပင်လုံမှ ဆန်အိတ် များကို လည်းကောင်း ထောက်ပံ့ခဲ့ရာ စုစုပေါင်းတန်ဖိုး ငွေ ၁၀၇၉၄၀၀ ကျပ် (တစ်ဆယ်သိန်းခုနစ်သောင်း ကိုးထောင် လေးရာကျပ်)ကို ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့မှုများ ပေးခဲ့ကြကြောင်း သိရှိရသည်။
နန်းလှိုင်လှိုင်ဦး(မိုင်းကိုင်)