မချမ်းဘောမြို့နယ်တွင် အကတီ (ခေါ်) သဘာဝနှင်းမှိုဥများ ရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

မချမ်းဘော ဒီဇင်ဘာ ၁၆

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊မချမ်းဘောမြို့နယ်တွင် တောတောင်ယာများတွင် သဘာဝအလျောက်ပေါက်ရောက်လျက်ရှိသော ရဝမ်ဘာသာစကားဖြင့် အကတီ (ခေါ်) သဘာဝနှင်းမှိုဥများ ရှာဖွေရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရလျက်ရှိကြောင်းသိရသည်။

အဆိုပါအကတီခေါ်နှင်းမှိုဥများသည် သဘာဝတောတောင်ယာများရှိ သစ်ပင်သစ်ရွက်ဆွေးများအောက်တွင် ပေါက်ရောက်တတ်ပြီး နှင်းများကျသော နိုဝင်ဘာလကုန်ပိုင်းနှင့်ဒီဇင်ဘာလများတွင် လှိုင်လှိုင်ပေါက်ရောက်တတ်ပြီး သူ၏အရသာမှာ နုနယ်သောအရွယ်တွင် ဆိမ့်ကာရင့်သွားသည့်အခါ အနည်းချဥ်သောအရသာရှိပြီး ဒေသခံများကမူ ၎င်းနှင်းမှိုဥများကို ကြော်ချက်၍လည်းကောင်း၊ မီးဖုတ်ကာ ငရုပ်သီးထောင်း၍လည်းကောင်း စားသုံးကြပြီး လူကြိုက်များသော ရာသီစာသီးနှံတစ်မျိုးလည်းဖြစ်ကြောင်း သိရသည်။

အကတီ (ခေါ်) နှင်းမှိုဥများကို နို့ဆီဘူးတစ်ဘူးလျှင် ကျပ်နှစ်ထောင်မှ ကျပ်သုံးထောင်အထိ ရောင်းဝယ်ကြပြီး ရှာဖွေရောင်းချကြခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိသော ဒေသထွက် သဘာဝအစားအစာ တစ်မျိုးဖြစ်ကြောင်း သိရသည်။

ယောရွှေနီ (မချမ်းဘော)