မိုင်းပျဉ်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မိုင်းပျဉ်း ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက်(၁၀)နာရီက အ.ထ.ကကျောင်း၊ နဝဒေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေ့ဦးစွာ အထကကျောင်းအုပ် ဆရာမကြီး ဒေါ်သီတာခိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်နန်းသန္တာဦးက လူငယ်စကားဝိုင်းကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးက ဦးဆောင်၍ လူငယ်စကားဝိုင်းဆွေးနွေးဆောင်ရွက်ကြရာ Grade-10 မှ မစင်သီယာက “လူငယ်နှင့်စာရိတ္တ”၊ Grade-12 မှ မောင်ဉက္ကာဟိန်းက “အီးစီးကရက်အကြောင်း” ၊ Grade-11 မှ နန်းအောင်းခမ်းမွန်းက “လူငယ်နှင့်ယဉ်ကျေးမှု” နှင့် Grade-10မှ မောင်ဟိန်းထက်အောင်က “လူငယ်နှင့်ခေါင်းဆောင်” စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးကြပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များ ပြန်လည်မေးမြန်းဆွေးနွေးကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် အထက်တန်းပြ ဆရာမ ဒေါ်နန်းရွှေယဉ်တို့က ခေါင်းစဉ်တခုချင်းအလိုက် ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

အဆိုပါ လူငယ်စကားဝိုင်း ဆွေးနွေးပွဲသို့ အ.ထ.ကကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်း(၁၂၀)ဦးခန့်  တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။

နန်းသန္တာဦး(ပြန်/ဆက်)