ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

ကာလိ ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း) ကာလိမြို့၊ မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးအန္တရာယ်နှင့် အခြားသော မီးမတော်တဆမှုများနှင့်ပတ်သတ်သည့် လုပ်ငန်းများဆောင်ရွက်ပေးလျက်ရှိပြီး မီးလောင်မှု၊ မီးလှန့်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးများ(DCP)ဖြင့် လျင်မြန်စွာ မီးငြှိမ်းသတ်နိုင်ရန်အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ စည်ပင်သာယာရေးဦးစီးဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှုးများပူးပေါင်း၍ မီးသရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုကို ယမန်နေ့က ဇာတ်တိုက်လေ့ကျင့်ခဲ့ကြောင်း သိရသည်။

မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုတွင် မီးသတ်ဦးစီးဌာန လက်ထောက်မီးသတ်ဦးစီးမှုး ဦးရဲမင်းဟိန်းက မီးလောင်မှုဖြစ်ပွားပါက စတင်ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားစေသည့် အကြောင်းအရင်းများ ရှင်းလင်းပြောကြားခဲ့ပြီး မီးလောင်မှုဖြစ်ပွားပါက မီးငြှိမ်းသတ်ပုံနှင့် ကယ်ဆယ်ရာတွင် လက်တွေ့အသုံးပြု သရုပ်ပြခဲ့ကြောင်း သိရသည်။

အဆိုပါသရုပ်ပြပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှုး ဦးဆန်းမြင့်သန်းနှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာန မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှုးများနှင့် ရပ်ကွက်သူ/သားများ တက်ရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)