ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ရခိုင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်တွေ ဒီဇင်ဘာလ  ၁၆

ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက်ရှိနေသည့် နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းတွင် စစ်တွေမြို့ရှိ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းသို့ရောက်ရှိခဲ့ရာ ရခိုင်ပြည်နယ်ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူးမှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုလည်းကောင်း၊ လူငယ်သင်တန်းကျောင်း သင်တန်းကျောင်းအုပ်မှ သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များကိုလည်းကောင်း ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဝန်ထမ်းများ၊ ဆရာ၊ ဆရာများ၊ ကျောင်းသား၊ ကျောင်းသူ များနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားရာတွင် သင်ကြားပေးနေသော စာပေအတတ်ပညာများကို အပတ်တကုတ် လေ့လာသင်ယူသွားကြရန်၊ အတတ်ပညာများအပြင်အသိဉာဏ်ပညာ တိုးတက်ရေး အတွက်  ပြင်ပဗဟုသုတများကို လေ့လာဆည်းပူး၍ အမှန်နှင့်အမှား ကွဲပြားစွာ ဝေဖန်ပိုင်းခြား နိုင်သော လူတော်လူကောင်းများဖြစ်အောင် ကြိုးစားကျင့်ကြံနေထိုင်သွားကြရန်၊ နိုင်ငံတော်မှ အခမဲ့ပညာ သင်ကြားရေးနှင့် နေထိုင်စားသောက်ရေးတို့ကို အလေးထား ဆောင်ရွက်ပေးထားသည့် အပေါ် ကျေးဇူးသစ္စာစောင့်သိ ရိုသေကြရန်၊ ဆရာ၊ ဆရာမများနှင့် နည်းပြများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား အတွေးအခေါ် အသိအမြင်နှင့် ဆင်ခြင်တုံတရားပြည့်ဝ၍ ဗလငါးတန်နှင့်ပြည့်စုံပြီး နောင်တစ်ချိန်တွင် မိမိနိုင်ငံ၊ မိမိဒေသ တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၌ နိုင်ငံတော်မှ အားကိုးအားထားပြုရမည့် နိုင်ငံသားကောင်းရတနာများ၊ သမီးကောင်းရတနာများဖြစ်အောင်  လေ့ကျင့်သင်ကြားပျိုးထောင်သွားကြရန် မှာကြား၍ ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကာ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ပြီး ကျောင်းဝန်းအတွင်းရှိ စာသင်ဆောင်၊ အိပ်ဆောင်၊ စားရိပ်သာ၊ စာကြည့်တိုက်၊ ကျောင်းသန့်ရှင်းသာယာလှပရေးနှင့် ရာသီသီးနှံစိုက်ပျိုးထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)

ဓာတ်ပုံ -  ဝင်းမင်းစိုး