မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ဖန်စီထိုးနည်းသင်တန်း ဖွင့်လှစ်သင်ကြား

မြစ်သား ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့ပူးပေါင်းပြီး ဖန်စီထိုးနည်း (အခမဲ့)သင်တန်းကို ဒီဇင်ဘာလ (၁၃) ရက်နေ့နှင့် (၁၄) ရက်နေ့တို့တွင် မြစ်သားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြဆရာ၊ ဆရာများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းရွှေရည်က အဖွင့်အမှာစကား‌ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ သင်တန်းနည်းပြများဖြစ်သော အခြေခံပညာဦးစီးဌာန ညောင်ဝန်း(အ.မ.က)ကျောင်းမှ ဆရာမ ဒေါ်ဖြိုးသီရိလှိုင်၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်ပပနှင့် (Youth Club)အဖွဲ့ဝင် မောင်ဇွဲညီညီတို့က ဘောလုံးသော့ချိတ်ထိုးနည်း၊ ဖန်စီထိုးနည်းအမျိုးမျိုးနှင့် ပိုက်ဆံအိတ်ထိုးနည်းများကို စာတွေ့/လက်တွေ့ပို့ချခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် သင်တန်းနည်းပြဆရာများမှ မြစ်သားမြို့ပေါ် (၆) ရပ်ကွက်မှ သင်တန်းသား (၁၈)ဦးအား ဖန်စီထိုးနည်းအမျိုးမျိုးကို စာတွေ့/လက်တွေ့ သင်ကြားပေးခဲ့ကြောင်း သင်တန်နည်းပြဆရာမ ဒေါ်ဖြိုးသီရိလှိုင်ထံမှ သိရသည်။

ဝါဝါမြင့် (ပြန်/ဆက်)