ဗိုလ်တထောင် ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် Micro မာရသွန်အပြေးပြိုင်ပွဲ ကျင်းပနိုင်ရန်အတွက် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်(၉)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
ဦးစွာပထမ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်မှ အဖွင့်အမှာစကားပြောကြားသည်မှာ ဗိုလ်တထောင်ခရိုင်အနေအဖြင့် ကျင်းပသည့်ပွဲမဟုတ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွန်ပံ့ပိုးမှုဖြင့် ရန်ကုန်တိုင်းဒေသကြီးကိုယ်စားပြုကျင်းပသော ပွဲဖြစ်ပါကြောင်း၊ ယခုနှစ်ပါဆိုလျှင် Micro မာရသွန်အပြေးပြိုင်ပွဲကျင်းပသည်မှာ တတိယအကြိမ်မြောက်ဖြစ်ပါကြောင်း၊ကော်မတီအဖွဲ့များအနေဖြင့် ယခင်နှစ်အတွေ့အကြုံများရှိပြီးဖြစ်သဖြင့် ယခင်နှစ်အားနည်းချက်များအား ယခုနှစ်မဖြစ်အောင်ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း၊ စည်ကားသိုက်မြိုက်စွာကျင်းပေးကြရန်လိုအပ်ပါကြောင်းပြောကြားပြီး တက်ရောက်လာသောကော်မတီအဖွဲ့များမှလည်း ယခင်နှစ်အတွေ့အကြုံအရအားနည်းချက်များကို ယခုနှစ်တွင်မည်သို့ပြုပြင်ဆောင်ရွက်သင့်ကြောင်း အကြံဉာဏ်များဝိုင်းဝန်းပေးကြကြောင်း သိရှိရပါသည်။
ထို့နောက် ဆက်လက်ဆွေးနွေးကြရာ ပြိုင်ပွဲကျင်းပမည့်နေရာ၊ ပြိုင်ပွဲဝင်အမျိုးအစား၊ ပြိုင်ပွဲကျင်းပမည့်နေ့၊ အချိန်၊ ဆုချီးမြှင့်မည့်အမျိုးအစား၊ တာလွှတ်မည့်နေရာ၊ ပြေးလမ်းတလျှောက်လုံခြုံရေးအစရှိသည်များ ဆွေးနွေးခဲ့ကြသည်။
Micro မာရသွန်အပြေးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြသူများအား ကျား/မခွဲခြား၍ အသက်အပိုင်းအခြားအားဖြင့် အသက် ၈ နှစ်မှ ၁၂ နှစ်၊ ၁၃ နှစ်မှ ၁၈ နှစ်၊ ၁၈ နှစ်အထက် အသက်အုပ်စုအလိုက်ပြိုင်ကြရမည်ဖြစ်သည်။
ဆုများကိုလည်း ပထမဆုကျပ်(၃)သိန်း၊ ဒုတိယဆု ကျပ်(၂)သိန်း၊ တတိယဆုကျပ် (၁)သိန်း၊ စတုတ္ထဆုကျပ်(၇)သောင်း၊ ပဉ္စမဆုကျပ်(၅)သောင်း၊ နှစ်သိမ့်ဆုကျပ်(၂)သောင်းဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်လိုသည့် အားကစားသမားများသည် သတ်မှတ်လျောက်လွှာများအား ဗိုလ်တထောင်ခရိုင်အတွင်းရှိ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးများ(ဗိုလ်တထောင်၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သာကေတ)ရုံးများနှင့် ဗိုလ်တထောင်ခရိုင်ပညာရေးမှူးရုံးသို့ လာရောက်စာရင်းပေးသွင်းနိုင်ပါကြောင်း၊ စာရင်းပိတ်မည့်ရက်မှာ(၂၀-၁၂-၂၀၂၄) ရက်နေ့ ညနေ(၄)နာရီခွဲအချိန်ဖြစ်ပါကြောင်း၊ လျောက်ထားသူများတွင်ပါဝင်ရမည့်အချက်အလက်များမှာ အမည်၊ မွေးသက္ကရာဇ်၊ အဖအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ (ကျောင်းသားဖြစ်ပါက) တက်ရောက်သည့်ကျောင်းကိုယ်စားပြု မြို့နယ်ဆက်သွယ်ရန်လိပ်စာဖုန်းနံပါတ်၊ ဆက်သွယ်ရမည့် ပုဂ္ဂိုလ်၊ ပါဝင်ယှဉ်ပြိုင်မည့်သူ၏ အသက်အထောက်အထားအတွက် နိုင်ငံသားစိစစ်ရေးကတ်သို့မဟုတ် ကျောင်းသားကတ်မိတ္တူဖြင့်ပူးတွဲလျှောက်ထားရမည်ဖြစ်ပြီး ပါဝင်ယှဉ်ပြိုင်ရန် လျှောက်ထားသူများသည် ပြည်နယ်/တိုင်းဒေသကြီး လက်ရွေးစင်အားကစားသမားများနှင့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ရန်ရွေးခြယ်ခြင်းခံထားရသည့် အားကစားသမားများအား ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်မဟုတ်ကြောင်း ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
ထိုသို့ အထွေထွေကိစ္စရပ်များဆွေးနွေးခဲ့ကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို နေ့လယ် (၁)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ပါသည်။
ခင်ဝင်း(ပြန်/ဆက်)