မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ညောင်ဦးခရိုင်အတွင်း ကန်များပြုပြင်ထိန်းသိမ်းမှုနှင့် ရေရရှိရေးဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

ညောင်ဦး ဒီဇင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး တာဝန်ရှိသူများလိုက်ပါ၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းရေကန် မြေနဲလေးကန်-၂ (ကန်အမှတ်-ဝ၆၁)နှင့် မြေနဲလေးကန်-၃ (ကန်အမှတ်-ဝ၆၄)၏ ရေဝင်ရောက်သိုလှောင်နိုင်မှုနှင့် အကျိုးပြုနိုင်မှုအခြေအနေများကို ဒီဇင်ဘာ ၁၃ ရက်နေ့ ညနေပိုင်းက ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

နိုင်ငံတော်အကြီးအကဲ ခရီးစဉ်လမ်းညွှန်ချက်အရ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ရှေးဟောင်းရေကန် (၉၁)ကန် ပြန်လည်ဆယ်ယူပြုပြင်ဆောင်ရွက်လျက်ရှိပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက လှူဒါန်းတူးဖော်သည့် ရှေးဟောင်းရေကန် (၂) ကန်နှင့် အလှူရှင်လှူဒါန်းငွေဖြင့် ရှေးဟောင်းရေကန် (၁၈)ကန် စုစုပေါင်း ရှေးဟောင်းရေကန် (၂ဝ) ကန်အား သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ တာဝန်ယူ ပြုပြင်ဆောင်ရွက်လျက်ရှိရာ ရှေးဟောင်းရေကန် (၁၂)ကန် ဆောင်ရွက်ပြီးရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးသည် တာဝန်ရှိသူများနှင့်အတူ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက တာဝန်ယူ ပြုပြင်ပြီးစီးသည့် မြေနဲလေးကန်-၂ (ကန်အမှတ်-ဝ၆၁)နှင့် မြေနဲလေးကန်-၃ (ကန်အမှတ်-ဝ၆၄)၏ ရေဝင်ရောက်သိုလှောင်နိုင်မှုနှင့် အကျိုးပြုနိုင်မှုအခြေအနေများ ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်၍ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးရန်ပုံငွေကျပ် ၃၈ ဒဿမ ၁၉၉ သန်းဖြင့် ISB ကုမ္ပဏီက တာဝန်ယူဆောင်ရွက်သည့် လက်ပံပင်ကျေးရွာအုပ်စု၊ စံပယ်ပင်ကျေးရွာ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း (၃၅၀'x၂၀၀’x၅')နှင့် တုံကင် (၄)စုံ တပ်ဆင်ခြင်းလုပ်ငန်းအား ကွင်းဆင်းကြည့်ရှုခဲ့သည်။

အဆိုပါ မြေသားရေကန်မှာ စံပယ်ပင်ကျေးရွာ၊ ရွာအိုကျေးရွာ၊ ရွာသစ်ကျေးရွာများရှိ အိမ်ခြေ (၃၁၉) အိမ်၊ လူဦးရေ (၁၂၆၅)ဦး အသုံးပြုလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)