မိုင်းယောင်း ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာအုပ်စု၊ ဖကျောက်ခေတ်မီစံပြကျေးရွာ၌ ကွန်ကရစ်လမ်းသစ်နှင့်စာကြည့်တိုက်အဆောက်အဦသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ခုနှစ်၊ (VDP)ဖြင့် အရှည်ပေ ၇၀၀ ရှိ ကွန်ကရစ်လမ်းသစ်ကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုင်းစိုးစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေနှင့် ဖကျောက်ခေတ်မီစံပြကျေးရွာရပ်မိရပ်ဖတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး ကျေးရွာအဝင်ဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့သည်။
ထို့နောက် စာကြည့်တိုက်ဖွင့်ပွဲကျင်းပရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးဝင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး စာကြည့်တိုက်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။
မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးမှုကွာဟချက်များ ကျဉ်းမြောင်းစေရေးနှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးမျှော်မှန်း၍ လူနေမှုအဆင့်အတန်းမြင့်မားပြီး စီးပွားရေးခိုင်မာအားကောင်းသော အစိမ်းရောင်ဖွံ့ဖြိုးမှုဖြစ်စဉ်ကိုအားပေးသည့် ခေတ်မီစံပြကျေးရွာ(SMART Village)များကို ထူထောင်လျက်ရှိပြီး ဖကျောက်ခေတ်မီစံပြကျေးရွာတွင် ကဏ္ဍအလိုက်ဖွံ့ဖြိုးရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
ဝေဝေခိုင်(ပြန်/ဆက်)