မိုင်းခုတ် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ မြို့မတပ်ဦးဘုန်းကြီးကျောင်းတိုက်ရှိ အောင်သိဒ္ဓိစေတီတော်မြတ်ကြီးအား သုံးကြိမ်မြောက် ဘုရားအနေကဇာတင်ပွဲနှင့် ဆွမ်းဆန်တော်လောင်းလှူပွဲကို ယနေ့နံနက် (၆)နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါသည်။
ရှေးဦးစွာ သံဃာတော်များက ဘုရားအနေကဇာတင်ခြင်း၊ ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးဝလံ၊ ဆွမ်းစသော လှူဒါန်းဖွယ်ရာအဖြာဖြာတို့ကို ပူဇော်လှူဒါန်းခဲ့ကြသည်။
ထို့နောက် မိုင်းခုတ်တပ်နယ်မှ တပ်နယ်မှူးဒုတိယဗိုလ်မှူးကြီး သိန်းဇော်မိုး ဦးဆောင်သော နယ်မြေခံတပ်ရင်းတပ်ဖွဲ့မိသားစုဝင်များ၊ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်ဦးဆောင်သော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ အာရုဏ်ဆွမ်းအလှူရှင်နှင့် ဒေသခံပြည်သူများက နားပေါ်သာသနာပြုကျောင်းဆရာတော်ဘဒ္ဒန္တကေသဝ(သဒ္ဓမ္မဇောတိကဓဇ)ထံမှ ပစ္စည်းလေးပါးတရားတော်နာကြားခဲ့ပြီး ဆွမ်းဆန်တော်များလောင်းလှူခဲ့ကြကြောင်း သိရသည်။
သီတာအေး(ပြန်/ဆက်)