တောင်ကြီး ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် YMBA(ဗဟို)မှကြီးမှူး၍ ရှမ်းပြည်နယ်ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းမှကျင်းပသည့် (၇၄) ကြိမ်မြောက်ဗုဒ္ဓ၀င်နှင့် (၃၈)ဖြာ မင်္ဂလာစာမေးပွဲ အောင်မြင်သူများအားချီးမြှင့်သည့် ဆုနှင်းသဘင်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက တောင်ကြီးမြို့၊ ကန်အောက်ရပ်ကွက်ရှိ သာသနာလင်္ကာရ ကမ္ဗောဇသာသနာ့ဗိမာန်၌ ကျင်းပသည်။
ရှေးဦးစွာ ဆုနှင်းသဘင်အခမ်းအနားကို (နမောတဿ)သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မဟာဓမ္မိကာရာမကျောင်းတိုက်ဆရာတော် ပြည်နယ်ဩဝါဒစရိယဆရာတော်ဘုရားကြီး ထံမှသရဏဂုံ(၃)ပါးနှင့် ငါးပါးသီလခံယူတည်ဆောက်ကာ ပရိတ်တရားတော်များ နာယူကြသည်။
ထို့နောက် သိမ်တောင်ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှသြဝါဒခံယူပြီး ပင့်သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အား ရေစက်ချ သွန်းချအမျှပေးဝေသည်။
ယင်းနောက် ရှမ်းပြည်နယ်ဗုဒ္ဓကလျာဏယုဝအသင်း၊ ခေတ္တဥက္ကဌ ဦးဝင်းသော်မှ ရှမ်းပြည်နယ် YMBA အသင်းနှင့်ဆက်စပ်သော သာသနာတော်ဆိုင်ရာများလျှောက်ထား၍ (၇၄)ကြိမ်မြောက် ဗုဒ္ဓဝင်နှင့်(၃၈)ဖြာမင်္ဂလာ စာမေးပွဲဖြေဆိုကြသည့် စာဖြေဌာနများ၏ ဖြေဆိုအောင်မြင်မှုများအား ရှင်းလင်းတင်ပြပြီး စာဖြေဌာနအလိုက် အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း(ဗဟို)ဆင့် ပထမ၊ ဒုတိယ၊ တတိယဖြင့်အောင်မြင်သူများအား ဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် အောင်လက်မှတ်များအား လည်းကောင်း၊ စာဖြေဌာနအလိုက် အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း (ဗဟို)အဆင့် အထူးအောင်မြင်သူများအား ဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် အောင်လက်မှတ်များအားလည်းကောင်း၊ စာဖြေဌာနအလိုက် အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း (ဂုဏ်ထူး)အဆင့် အောင်မြင်သူများအား ဂုဏ်ပြုဆုငွေနှင့်အောင်လက်မှတ်များအားလည်းကောင်း၊ စာဖြေဌာနအလိုက် အကြီးတန်း၊ အလတ်တန်း၊ အငယ်တန်း (ရိုးရိုး)အဆင့် အောင်မြင်သူများအား အောင်လက်မှတ်များအား လည်းကောင်း ဆရာတော်သံဃာတော်များနှင့် ရှမ်းပြည်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်တို့က အသီးသီးချီးမြှင့်ပေးအပ်ကာ (၇၄)ကြိမ်မြောက် ဗုဒ္ဓဝင်နှင့်(၃၈)ဖြာမင်္ဂလာ စာမေးပွဲဆုနှင်းသဘင်အခမ်းအနားအား ဗုဒ္ဓသာသနံစိရံ တိဋ္ဌတု (သုံးကြိမ်) ရွတ်ဆို၍ ခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ခရိုင် ပြန်/ဆက် (တောင်ကြီး)