မွန်ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

မော်လမြိုင် ဒီဇင်ဘာ ၁၅

မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ပြည်နယ်ဥပဒေချုပ်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဥပဒေရုံးများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်ဥပဒေချုပ်ရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က ဥပဒေအရာရှိများအနေဖြင့် အဂတိတရားကင်းရှင်းစေရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ လာဘ်ပေးလာဘ်ယူမပြုလုပ်ရန်လိုပါကြောင်း၊ နိုင်ငံတော်ကပြဋ္ဌာန်းထားသောဥပဒေများ၊ နည်းဥပဒေများ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို တိတိကျကျလေးစားလိုက်နာကြရမည်ဖြစ်သကဲ့သို့ ဥပဒေအရာရှိများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်နှင့်အညီ နိုင်ငံ့ဝန်ထမ်းဥပဒေကို လိုက်နာရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အပေါ်သစ္စာရှိရန်လိုအပ်ပါကြောင်း၊ ထို့အတူ မိမိတာဝန်ထမ်းဆောင်သော အဖွဲ့အစည်းပေါ်မှာလည်း သစ္စာစောင့်သိရန် အထူးအရေးကြီးပါကြောင်း၊ ဥပဒေအသိပညာပေး လုပ်ငန်းတာဝန်များကိုလည်း ကျယ်ကျယ်ပြန့်ပြန့်လေးလေးနက်နက် အထူးအလေးပေးဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း တိုက်တွန်းပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်/ခရိုင်/ မြို့နယ်ဥပဒေအရာရှိများက မိမိတို့၏လုပ်ငန်းဆောင်ရွက် ချက်များ၊ အခက်အခဲများ၊ လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဥပဒေအရာရှိက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ပြီး ပြည်နယ်ဥပဒေချုပ်ကလိုအပ်သည်များကိုဖြည့်စွက်၍ ပြန်လည်ရှင်းလင်းဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)