တာချီလိတ်မြို့၊ အ.လ.က-ခွဲ(တာလော့) ပြန်လည်ဖွင့်လှစ်နိုင်ရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

တာချီလိတ် ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ အခြေခံပညာအလယ်တန်းကျောင်းခွဲ(တာလော့) ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စာသင်ခန်းများအတွင်း ရေကြီးရေလျှံမှုဖြစ်ပွားခဲ့စဉ်က တင်ကျန်ရစ်သည့် ရွှံ့နုန်းများကို ယမန်နေ့နံနက် ၇ နာရီခွဲက ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ဦးဆောင်မှုဖြင့် စုပေါင်းရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းကိုနှင့်အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်သားများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းတပ်ဖွဲ့ဝင်များ၊ စည်ပင်ဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ ကျောင်းဆရာ/ ဆရာမများနှင့် ရပ်ကွက်နေပြည်သူများက စာသင်ခန်းများအတွင်း တင်ကျန်ရစ်သော ရွှံ့နုန်းများကို ပြန်လည်တူးဖော်ဖယ်ရှားကာ မီးသတ်ဦးစီးဌာနမှ မီးသတ်ရေယာဉ်များဖြင့် ပက်ဖြန်း၍ စာသင်ခန်းများအား ရှင်းလင်းဆေးကြောခြင်းများ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

တာချီလိတ်မြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း စံချိန်တင်ရေကြီးမှုကြောင့် အခြေခံပညာစာသင်ကျောင်းပေါင်း ၁၃၀ အနက် ၈ ကျောင်း ပျက်စီးဆုံးရှုံးကာ ၇ ကျောင်းကို စက်တင်ဘာလအတွင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီး ယခုဖွင့်လှစ်ရန်ကျန်ရှိနေသည့် အ.လ.က-ခွဲ(တာလော့)မှာ ရေကျပြီးနောက် တင်ကျန်ရစ်သည့်ရွှံ့နုန်းများထူထပ်ခြင်းကြောင့် ဖွင့်လှစ်ရန် ကြန့်ကြာလျက်ရှိကြောင်း၊ ကျောင်းတက်ရန် ခက်ခဲနေသည့် ကျောင်းသား၊ ကျောင်းသူ ၅၃၁ ဦးအား မာကာဟိုခမ်းရပ်ကွက်ရှိ အ.ထ.က(တာချီလိတ်)တွင် ပညာသင်ကြားရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိကြောင်းနှင့် ဒီဇင်ဘာလ ၂၆ ရက်တွင် ကျောင်းပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)