မောက်မယ်မြို့နယ်၌ ၂၁၁၉ ခုနှစ် ရှမ်းနှစ်သစ်ကူးဂုဏ်ပြုပွဲ(ဟုမ်စွန်းပီမိုင်တိုင်း)နှင့် စျေးရောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပ

မောက်မယ် ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင် အစဉ်အလာမပျက် နှစ်စဉ်ကျင်းပပြုလုပ်သော ၂၁၁၉ ခုနှစ် ရှမ်းရိုးရာနှစ်သစ်ကူးဂုဏ်ပြုပွဲ(ဟုမ်စွန်းပီမိုင်တိုင်း)နှင့် စျေးရောင်းပွဲတော်ကို ဒီဇင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီကစတင်ပြီး နမ့်ယွမ်းဂေါက်ကွင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ဥက္ကဋ္ဌနှင့် မြို့မိမြို့ဖများတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး တိုးနယားအက၊ ကိန္နရီ၊ ကိန္နရာ၊ တိုင်းရင်းသားရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကာ နှစ်သစ်ကိုဂုဏ်ပြုသည့် အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းနှစ်သစ်ကူးဖြစ်ပေါ်လာခြင်းမှာ သာသနာသက္ကရာဇ် ၄၅၀ ပြည့်နှစ် နတ်တော်လဆန်း ၁ ရက်တွင် ရှမ်းတိုင်းရင်းသားများနေထိုင်ရာဒေသသို့ ဗုဒ္ဓသာသနာရောက်ရှိချိန်မှ ရှမ်းသက္ကရာဇ်စတင်ခဲ့ပြီး နှစ်စဉ်နတ်တော်လဆန်း ၁ ရက်နေ့ကို ရှမ်းနှစ်ဆန်း ၁ ရက်အဖြစ်သတ်မှတ်၍ နှစ်သစ်ကူးပွဲတော်ကို နတ်တော်လအတွင်း နှစ်စဉ်ကျင်းပခဲ့ကြခြင်းဖြစ်ကြောင်းနှင့် ၂၁၁၉ ခုနှစ် ရှမ်းရိုးရာနှစ်သစ်ကူးဂုဏ်ပြုပွဲ (ပီမိုင်တိုင်း)နှင့် စျေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)