ပြင်ဦးလွင်မြို့ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့် ၁၇ ကြိမ်မြောက် ပန်းပွဲတော်ဖွင့်ပွဲ ကျင်းပ

ပြင်ဦးလွင် ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ၁၇ ကြိမ်မြောက် ပန်းပွဲတော်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမျိုးသားကန်တော်ကြီး၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့် အဖွင့်သီချင်းနှင့်အကတို့ဖြင့် ဂုဏ်ပြုတင်ဆက်ခဲ့သည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး  ဦးသိန်းဌေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ထူးကုမ္ပဏီများအုပ်စု အကြံပေး ဦးမြင့်ဆွေမှ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။ ဆက်လက်၍ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ၁၇ ကြိမ်မြောက် ပန်းပွဲတော်ဖွင့်ပွဲကို ပြင်ဦးလွင်တပ်နယ်မှူး ဗိုလ်ချုပ် စိုးမြတ်ထွဋ်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသောင်းနိုင်ဦး၊ ထူးကုမ္ပဏီများ အုပ်စုအကြံပေး ဦးမြင့်ဆွေနှင့် ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးတို့မှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် တေးသံရှင်များမှ တေးသီချင်းများ အကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြသည်။ ဆက်လက်၍ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများမှ ဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြခန်းများနှင့် ပန်းပွဲတော်အတွင်း ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ အမျိုးသားကန်တော်ကြီးဥယျာဉ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ပန်းပွဲတော်ဖွင့်ပွဲတွင် လာရောက်လည်ပတ်သူများဖြင့် စည်ကားလျက်ရှိပြီး ပွဲတော်အား ဒီဇင်ဘာလ ၁၄ ရက်နေ့မှ ဇန်နဝါရီ လ ၁၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)