ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနား တက်ရောက်

စစ်တွေ ဒီဇင်ဘာ ၁၄

နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဆုရရှိသူများ အားဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နက်ပိုင်းက စစ်တွေမြို့၊ ဓညဝတီအားကစားခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အမျိုးသားမီတာ (၁၀၀) အပြေးပြိုင်ပွဲတွင် ဆုရရှိကြသူများအားလည်းကောင်း၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်မိုးက အမျိုးသား မီတာ (၂၀၀) အပြေးပြိုင်ပွဲတွင် ဆုရရှိကြသူများကိုလည်းကောင်း လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။ ဆက်လက်၍ ပြည်နယ်စီးပွားရေးရာဝန်ကြီး၏ဇနီးက အမျိုးသမီးမီတာ (၁၀၀) အပြေးပြိုင်ပွဲတွင် ဆုရရှိကြသူများအားလည်းကောင်း၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်က အမျိုးသားမီတာ (၄၀၀) အပြေးပြိုင်ပွဲတွင် ဆုရရှိကြသူများအားလည်းကောင်း လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးက အမျိုးသမီးမီတာ (၂၀၀) အပြေးပြိုင်ပွဲတွင် ဆုရရှိကြသူများအားလည်းကောင်း၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက အမျိုးသားကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဆုရရှိကြသူများအားလည်းကောင်း လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အမျိုးသမီးမီတာ (၄၀၀) အပြေးပြိုင်ပွဲ ဆုရရှိကြသူများအားလည်းကောင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း၏ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်က အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဆုရရှိကြသူများအားလည်းကောင်း လည်ဆွဲဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများကို ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဖူဆယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသော အသင်းများအား လည်ဆွဲဆုတံဆိပ်၊ ဂုဏ်ပြုဆုငွေနှင့် တံခွန်စိုက်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုရအားကစားသမားများနှင့် ဆုပေးပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ပျော်ပွဲရွှင်ပွဲများကို ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၄ ရက်နေ့တို့တွင် စစ်တွေမြို့၊ ဓညဝတီအားကွင်း၊ ဓညဝတီအား ကစားခန်းမနှင့် ဖူဆယ်အားကစားကွင်းတို့တွင် ကျင်းပခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)