ချောင်းဆုံ ဒီဇင်ဘာ ၁၄
မွန်ပြည်နယ် ချောင်းဆုံမြို့နယ်တွင် ဒေသတွင်းစားသုံးဆီ ဖူလုံမှုရှိစေရန်အတွက် ဆီထွက်သီးနှံ မျိုးကောင်းမျိုးသန့်များကို နည်းစနစ်မှန်ကန်စွာစိုက်ပျိုးပြီး အထွက်တိုးစေရန် ရည်ရွယ်၍ နေကြာသီးနှံမျိုးစေ့ပေးအပ်ခြင်းနှင့် မျိုးစေ့ချကိရိယာများဖြင့် နေကြာစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကုလားဘီကျေးရွာ ဦးပိုင်အမှတ် (၄၂/၁)၊ ကွင်းအမှတ် (၇၈၄) တွင် ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးက မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးရိတ်သိမ်းပြီးစီးမှုအခြေအနေများ၊ ဒုတိယသီးနှံစိုက်ပျိုးထုတ်လုပ်မှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ်က လမ်းညွှန်အမှာစကားပြောကြားရာ ပြည်နယ်အတွင်း ဆီထွက်သီးနှံနေကြာ မျိုးကောင်းမျိုးသန့်များစိုက်ပျိုး၍ ပန်းတိုင်အထွက်နှုန်း ရရှိစေရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ ဆီဖူလုံမှုရှိစေရန် ဆီထွက်သီးနှံ များကို တိုးချဲ့စိုက်ပျိုးနိုင်ရန်အတွက် တောင်သူများ၊စိုက်ပျိုးရေးဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။
ထို့နောက် မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တောင်သူများအား နေကြာမျိုးစေ့ပေးအပ်ခြင်းနှင့် မျိုးစေ့ချကိရိယာများဖြင့် စံပြကွက်ဧက (၂၀၀) နေကြာစိုက်ပျိုးခြင်းကို ကြည့်ရှုအားပေးကာ တောင်သူများတင်ပြသည့် လိုအပ်ချက်များကို သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် ကော့မုပွန်ကျေးရွာ ကွင်းအမှတ် (၆၃၅) ရှိ စိုက်ဧက (၁၀၀) တွင် မတ်ပဲစံပြကွက်စိုက်ပျိုးနေမှု ကြည့်ရှုကာ လိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချောင်းဆုံမြို့နယ်အတွင်း (၂၀၂၄-၂၀၂၅) ဆောင်းသီးနှံစိုက်ပျိုး ထုတ်လုပ်မှုအနေဖြင့် နေကြာ (၃၉၃၇)၊ မြေပဲ (၁၃၆၃)၊ နှမ်း (၂၅) ဧက စုစုပေါင်း ဆီထွက်သီးနှံ (၅၃၂၅) ဧက စိုက်ပျိုးနိုင်ရန် လျာထားဆောင်ရွက်လျက်ရှိပြီး နွေစပါး (၁၂၄) ဧက၊ ပဲမျိုးစုံ (၃၉၉၂) ဧကနှင့် ပိုက်ဆံလျှော် (၂၀) ဧက စိုက်ပျိုးနိုင်ရန်အတွက် လျာထားဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)