ညောင်ဦး ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း Resourses Venture International Publication မှ (၆) ကြိမ်မြောက် Bagan Race 2024 အပြေးပြိုင်ပွဲကို ယနေ့ နံနက် ၆ နာရီအချိန်က အာနန္ဒာဘုရားကြီးတောင်ဘက် မုခ်မှစတင်၍ တာလွှတ်ကာ Bagan Race 2024 အပြေးပြိုင်ပွဲ ကျင်းပသည်။
Bagan Race 2024 အပြေးပြိုင်ပွဲအား ညောင်ဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်စီမံအဖွဲ့ဝင်များ၊ RVIPS Publication မှ အုပ်ချုပ်သူ စင်္ကာပူနိုင်ငံသား MR.Argus Ang နှင့်တာဝန်ရှိသူများက တာလွှတ်နိုင်ငံတော်အလံတို့အား ဝှေ့ရမ်း တာလွှတ် ပေးခဲ့ကြောင်း သိရသည်။ Bagan Race 2024 အပြေးပြိုင်ပွဲတွင် သုံးကီလိုမီတာတန်း၊ ငါးကီလိုမီတာ တန်းနှင့် တစ်ဆယ်ကီလိုမီတာ တန်းတို့ပါဝင်ပြီး သုံးကီလိုမီတာတန်းအပြေး ပြိုင်ပွဲတွင် (၂၀၅) ဦး၊ ငါးကီလိုမီတာတန်းအပြေးပြိုင်ပွဲတွင် (၉၅၅) ဦး၊ တစ်ဆယ်ကီလိုမီတာတန်း အပြေးပြိုင်ပွဲတွင် (၂၇၀) ဦးပါဝင်ယှဉ်ပြိုင်ကြပြီး တစ်ဆယ်ကီလိုတန်းတွင်ကျား/မ ပထမဆုရရှိသူတို့အား ငွေကျပ် (၆) သိန်းစီ ၊ ဒုတိယဆုရရှိသူတို့အား ဆုငွေ (၅) သိန်းကျပ်၊ တတိယ ဆုရရှိသူတို့အား ဆုငွေကျပ် (၄) သိန်းစီ တို့ကို ညောင်ဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား)ဒုတိယခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးသိန်းအောင်တို့ကလည်းကောင်း၊ ငါးကီလို မီတာအပြေးပြိုင်ပွဲတွင် ပထမဆု (၅) သိန်းကျပ်၊ ဒုတိယဆု (၄) သိန်းကျပ်နှင့် တတိယဆုရရှိသူ (၃) သိန်းကျပ်တို့အား ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန(ပုဂံရုံးခွဲ) ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းအောင်တို့က ဆုများအသီးသီးပေးအပ်ခဲ့ပြီး သုံးကီလိုမီတာအပြေးပြိုင်ပွဲ ဆုရရှိ သူများအား RVIPS Publication မှတာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။
(၆) ကြိမ်မြောက် Bagan Race 2024 အပျော်တမ်းအပြေးပြိုင်ပွဲတွင် ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ အာနန္ဒာဘုရားကြီးဘက်စုံအသုံးပြုနိုင်ရန် အလှူငွေကျပ် (၇) သိန်းနှင့် ငွေကျပ် (၁၈) သိန်းတန်ဖိုးရှိဆိုလာမီး (၁၀) စုံ၊ ညောင်ဦးမြို့နယ်အတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ ဖြစ်သောစေတဝန် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ရွှေဥမင်ဘုန်းတော်ကြီးသင်ပညာရေးကျောင်း၊ ရွှေကူမိဘမဲ့ပရဟိတကျောင်း၊ နဂါးကျစ်ဘိုးဘွားရိပ်သာ၊ ကရုဏာရှင်အသင်း၊ ဦးကိုကိုဦးဆောင်သော ပရဟိတအဖွဲ့တို့အား Resourses Venture International Publication မှ စုစုပေါင်းကျပ်သိန်း (၉၀) နှင့် နဂါးကျစ်ဘိုးဘွားရိပ်သာအပါအဝင်အဖွဲ့ (၄) ဖွဲ့အား မာမီးခေါက်ဆွဲထုပ်များနှင့် HIKARI ion supply drink ဘူးများ လှူဒါန်းခဲ့ပြီး (၆) ကြိမ်မြောက် Bagan Race 2024 အပျော်တမ်း အပြေးပြိုင်ပွဲသို့ ပြည်တွင်းပြည်ပနိုင်ငံသားများ (၁၄၃၀) ဦးပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်ဆက်)