မိတ္ထီလာ ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရေချိုကျေးရွာတွင် နေကြာစိုက်တောင်သူများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး ယူရီးယားဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများပေးအပ်ပွဲကို ယမန်နေ့က အဆိုပါကျေးရွာရှိ ဓမ္မာရုံတွင် ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲတွင် သမဝါယမဦးစီးဌာန မိတ္ထီလာခရိုင်ကြီးကြပ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူးဦးလှိုင်မိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမိုးကျော်က မြို့နယ်အတွင်း စိုက်ပျိုးသီးနှံများ သတ်မှတ်လျာထားချက် ပြည့်မီရေးနှင့် စိုက်ပျိုးထားရှိသည့် စိုက်ပျိုးဧကများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် နေကြာသီးနှံစိုက်ပျိုးမှု သတ်မှတ်လျာထားချက်ပြည့်မီရေးနှင့် ပန်တိုင်းအထွက်နှုန်း ထွက်ရှိရေး ယူရီးယားဓာတ်မြေသြဇာများ ထည့်သွင်းအသုံးပြုရာတွင် သတ်မှတ်စျေးနှုန်းအတိုင်း ဝယ်ယူရရှိရေးနှင့် သဘာဝမြေသြဇာများ အခမဲ့ပေးအပ်ခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မိတ္ထီလာမြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်ငြိမ်းက မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအား စိုက်ပျိုးရာတွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရေး သမဝါယမအသင်းစုမှ စိုက်ပျိုးစရိတ်များ ထုတ်ချေးဆောင်ရွက်ပေးမှုအခြေအနေများအား ရှင်းလင်းပြောကြားခဲ့ပြီး သမဝါယမဦးစီးဌာန မိတ္ထီလာခရိုင်ကြီးကြပ်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးလှိုင်မိုးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးဦးမိုးကျော်တို့က စိုက်ပျိုးရေးတောင်သူများအား ယူရီးယားဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများ ပေးအပ်ခဲ့သည်။
အဆိုပါ နေကြာစိုက်တောင်သူများ ပန်းတိုင်အထွက်နှုန်းထွက်ရှိရေး ယူရီးယားဓာတ်မြေသြဇာနှင့် သဘာဝမြေသြဇာများကို ရေချိုကျေးရွာအုပ်စု၊ လိန်တောကျေးရွာအုပ်စုနှင့် ညောင်ဇောက်ကျေးရွာတို့မှ ဒေသခံနေကြာစိုက်တောင်သူများအား ပေးအပ်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)