စဉ့်ကိုင် ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျောင်းသား/ ကျောင်းသူ လူငယ်များအနေဖြင့် အသိပညာဗဟုသုတကြွယ်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဆွေးနွေးမှုများတွင် ပါဝင်ဆွေးနွေးတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ နိုင်ငံတောအတွက် အကျိုးပြုနိုင်သော အနာဂတ်သားကောင်းရတနာ၊ သမီးကောင်းရတနာများ ပေါ်ထွန်းလာစေရန် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနနှင့် အ.ထ.က (ဟင်းငူ) တို့ ပူးပေါင်းကာ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့ရာ စဉ့်ကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့် ဝန်ထမ်းများ၊ အ.ထ.က (ဟင်းငူ) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေဦးနှင့် ဆရာ/ ဆရာမများ၊ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
လူငယ်စကားဝိုင်းတွင် အ.ထ.က (ဟင်းငူ) မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေဦးက အဖွင့်အမှာစကား ပြောကြားပြီးနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက လူငယ်စကားဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြောကြားရာတွင် ကျောင်းသား/ ကျောင်းသူလူငယ်များအနေဖြင့် ပြင်ပစာပေဗဟုသုတများကို လေ့လာဖတ်ရှုရန်၊ လူငယ်အချင်းချင်းချစ်ခင်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကို ရရှိစေရန်နှင့် စဉ်းစားဉာဏ်နှင့်အတွေးအခေါ်များကို ရရှိစေရန်၊ လူငယ်များ အသိပညာ၊ အတတ်ပညာနှင့် လူ့ကျင့်ဝတ် တန်ဖိုးမြှင့်တင်ပေးရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဆိုတဲ့ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ စကားပြောစွမ်းရည်များ ကျွမ်းကျင်စွာတက်မြောက်ပြီး လူအများရှေ့တွင် ရဲရဲဝံ့ဝံ့ပြောဆိုတက်စေရေးတို့ကို ရည်ရွယ်၍ ယခုလို လူငယ်စကားဝိုင်းကို ကျင်းပပြုလုပ်ရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက Moderator အဖြစ် ဦးဆောင်ဆွေးနွေးခဲ့ပြီး အ.ထ.က (ဟင်းငူ) ကျောင်းမှ Grade- 9 ကျောင်းသား မောင်လမင်းကိုက “လူငယ်နှင့်ပညာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မသဲသဲဝင်းက “လူငယ်နှင့်စည်းကမ်း” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade-9 ကျောင်းသူ မောင်ဇာဇာဝင်းက “လူငယ်နှင့်ယဉ်ကျေးမှု” ခေါင်းစဉ်ဖြင့်လည်ကောင်း၊ Grade -10ကျောင်းသူ မချယ်ရီဦးက “လူငယ်နှင့်စာရိတ္တ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade -9 ကျောင်းသား မောင်နိုင်ထက်ဝေက “လူငယ်နှင့်ကျန်းမာရေး” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူများက ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် သိရှိလိုသည်များအား မေးမြန်းခဲ့ရာ မြို့နယ်ဦးစီးအရာရှိက ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။ ယင်းနောက် ကျောင်းအုပ်ဆရာမကြီးကိုယ်စား အလယ်တန်းပြဆရာမ ဒေါ်သောင်းသောင်းဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
လူငယ်စကားဝိုင်းအပြီးတွင် ကျောင်းသား/ သူလေးများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ဗဟုသုတစုံလင်သော အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ကျော်စွာ(စဉ့်ကိုင်)