ကျိုင်းတုံ-လွိုင်မွေလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်

ကျိုင်းတုံ ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံ-လွိုင်မွေလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို တာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျိုင်းတုံ-လွိုင်မွေလမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို မြို့နယ်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည်။ လမ်းလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရန်နှင့်တောင်တက်လမ်းချောမွေစွာ သွားလာနိုင်ရန် ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့်တာဝန်ရှိသူများက ဒီဇင်ဘာ ၁၃  ရက်က သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့အပြင် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာ၊ ရှမ်းပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးခွဲ (ကျိုင်းတုံ) မှ လွိုင်မွေကန်တံတား တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ကျိုင်းတုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ လွိုင်မွေဒေသကျေးရွာ (၄)ရွာ ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကျိုင်းတုံ-လွိုင်မွေ အတက်လမ်း/ ၂၁ မိုင် အဆင်းလမ်း လမ်းဘေးဝဲ/ ယာနှင့်  လွိုင်မွေကန်ပတ်လည် တို့တွင် ချယ်ရီပင်များ စိုက်ပျိုးထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ကောင်းမွန်ရေးနှင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းများပြီးစီးနိုင်ရေး ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးသည်။

ထို့‌နောက် ကျိုင်းတုံမြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျိုင်းတုံမြို့နယ် ပန်ကွဲ-လွိုင်မွေလမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် လွိုင်မွေတောင်စခန်းမြို့ရှိ ရှေးဟောင်းအဆောက်အအုံစာရင်းဝင် (၂) ခုအား ထိန်းသိမ်းထားရှိနိုင်ရေး လုပ်ငန်းများအား ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းအရှေ့) ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ကြည့်ရှုပြီး လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)