မိုင်းပန်မြို့နယ်၌ အသက် (၁၆) နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပ

မိုင်းပန် ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ကျောင်သား/သူများ ဘက်စုံထူးချွန်ထက်မြက်ရေး၊ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရန်အတွက် အားကစားပြိုင်ပွဲ ကျင်းပပေးလျက်ရှိရာ အခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ယမန်နေ့ ညနေ ၃ နာရီအချိန်က အသက် (၁၆) နှစ်အောက် မြို့နယ်ပညာရေးမှူးဖလား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ကျင်းပခဲ့သည်။

ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် မိုင်းပန်မြို့ အခြေခံပညာအထက်တန်းကျောင်း (A) အသင်းနှင့် အခြေခံပညာအလယ်တန်းကျောင်း (မွေတော်) အသင်းတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြရာ အ.လ.က (မွေတော်) အသင်းက အ.ထ.က (A) အသင်းအား (၃) ဂိုး၊ (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အဆိုပါဘောလုံးပြိုင်ပွဲမှ ပထမဆု၊ ဒုတိယဆု၊ အသန့်ရှင်းဆုံးဆုနှင့် အကောင်းဆုံးကစားသမားဆုများအား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပမည့် အခြေခံပညာကျောင်းများ၏ မြို့နယ်ပညာရေးစုံညီပွဲတော်၌ ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဆရာကြီးဦးအောင်မင်းထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)