မြစ်ကြီးနား ဒီဇင်ဘာ ၁၄
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ယမန်နေ့ နံနက် ၉ နာရီက ကျင်းပခဲ့သည်။
ဦးစွာ ပြိုင်ပွဲများကျင်းပရာ လူထုအခြေပြုဗဟိုဌာန ကလေးစာဖတ်ခန်း၌ လွတ်လပ်ရေးနေ့ ထိန်းသိမ်းကာကွယ်ပါ ခေါင်းစဉ်ဖြင့် အထက်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/သူ (၁၈)ဦး၊ ကွန်ပျူတာခန်းမ၌ လွတ်လပ်ရေးနေ့ ထိန်းသိမ်းကာကွယ်ပါ ခေါင်းစဉ်ဖြင့် အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား/သူ (၁၃) ဦးနှင့် ဘက်စုံသုံးခန်းမ၌ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ကျောင်းသား/သူ (၁၃) ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးအောင်ကျော်ထက်က ပြိုင်ပွဲများကျင်းပပေးရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားကာ ကချင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ စာရေးဆရာ အကြီးကိုကို(ကသာ) က အမှတ်ပေးစည်းမျဉ်းစည်းကမ်းချက်များအား ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/သူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)