အခြေခံသံတမန်ရေးရာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၄၆/၂ဝ၂၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ရန်ကုန် ဒီဇင်ဘာ ၁၄

နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်ခဲ့သည့် အခြေခံသံတမန်ရေးရာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၄၆/၂၀၂၄)၊ နေပြည်တော်တန်းခွဲနှင့် ရန်ကုန်တန်းခွဲတို့၏ သင်တန်းဆင်းပွဲအခမ်းအနားများကို ယမန်နေ့နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ နေပြည်တော်ရှိ လောကနတ်ခန်းမ၌လည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရန်ကုန်ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌လည်းကောင်း တစ်ပြိုင်တည်းကျင်းပပြုလုပ်ခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦးမှ ရန်ကုန်မြို့၌ တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားများသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံးနှင့်ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ၊ တက္ကသိုလ်များမှ ပါမောက္ခဆရာကြီး/ ဆရာမကြီးများ၊ သင်တန်းသား/ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခြေခံသံတမန်ရေးရာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၄၆/၂၀၂၄) ကို နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်) နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန (ရန်ကုန်) တို့တွင် တန်းခွဲနှစ်ခုဖြင့် ၂၃-၉-၂၀၂၄ ရက်နေ့မှ ၁၃-၁၂-၂၀၂၄ ရက်နေ့အထိ ရက်သတ္တပတ် (၁၂) ပတ်ကြာဖြင့် ဖွင့်လှစ်ခဲ့ပြီး၊ အစိုးရအဖွဲ့အစည်းအသီးသီးနှင့် ဝန်ကြီးဌာနများမှ ဝန်ထမ်းများနှင့် ပြင်ပပုဂ္ဂလိကနယ်ပယ်များမှ နိုင်ငံတကာဆက်ဆံရေးနှင့် သံတမန်ရေးရာဘာသာရပ်များကို စိတ်ပါဝင်စားသူများ စုစုပေါင်း (၂၁၆) ဦးခန့် တက်ရောက်ခဲ့ကြသည်။ သင်တန်းတွင် သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်များ၊ မျက်မှောက်ခေတ်နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာဥပဒေဘာသာရပ်များ၊ စီးပွားရေးနှင့်အထွေထွေဗဟုသုတဆိုင်ရာများ စသည့် ဘာသာရပ်များကို သင်ကြားပို့ချခဲ့သည်။

အောင်မြင့်(ပြန်/ဆက်)