မိုင်းယန်း ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တောင်သူအသိပညာပေးလုပ်ငန်းနှင့် စိုက်ပျိုးနည်းပညာပေးလက်တွေ့သရုပ်ပြသခြင်းကို ဒီဇင်ဘာ ၁၃ ရက် နံနက် ၁၀ နာရီက မိုင်းလွေကျေးရွာအုပ်စု၊ ပန်ဆောင်ကျေးရွာ ပြုလုပ်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်းက တောင်သူများအား နေကြာ၊ ဆီထွက်ပဲပုပ်ကဲ့သို့ ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးရေးအတွက် စိုက်ပျိုးနည်းစနစ်များနှင့် စိုက်ပျိုးရေးဆိုင်ရာသိကောင်းစရာများကို အကျယ်တဝင့် အသိပညာပေး ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ တောင်သူများ၊ ကျေးရွာနေပြည်သူများအား အီးအမ်ဘိုကာရှီသဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းကို လက်တွေ့သရုပ်ပြသခဲ့ကြကြောင်းသိရသည်။
အဆိုပါ တောင်သူအသိပညာပေးလုပ်ငန်းနှင့် စိုက်ပျိုးနည်းပညာပေးသရုပ်ပြပွဲသို့ ရှမ်းပြည်နယ် (အရှေ့ပိုင်း) ဒုတိယပြည်နယ်ဦးစီးမှူး ဦးလှဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦး၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးခင်မောင်သန်း၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး