မွန်ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် မော်လမြိုင်အချုပ်ထောင်သို့ သွားရောက် ကြည့်ရှုစစ်ဆေး

မော်လမြိုင်   ဒီဇင်ဘာ   ၁၄

မွန်ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးညီညီစိုးသည် ပြည်နယ်တရားလွှတ်တော်တရားသူကြီး ဒေါက်တာအောင်သီဟ၊ ပြည်နယ်တရားရေးဦးစီးမှူး၊ ဒုတိယညွှန်ကြားရေးမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး၊ မော်လမြိုင်ခရိုင်တရားသူကြီးနှင့် မော်လမြိုင် မြို့နယ်တရားသူကြီးတို့လိုက်ပါလျက် ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက မော်လမြိုင်အချုပ်ထောင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်အဖွဲ့သည် အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မျိုးအောင်၊ အချုပ်ထောင်တာဝန်ခံအရာရှိ လက်ထောက် ညွှန်ကြားရေးမှူးဦးဝင်းနိုင်တို့နှင့်အတူ အချုပ်ခံရသူနှင့် အကျဉ်းကျခံရသူများ၏ အမျိုးသား၊ အမျိုးသမီးဆောင်များ၊ စားဖိုဆောင်၊ အချုပ်ထောင်ဆေးရုံ၊ အချုပ်ထောင် ရေသန့်စက်ရုံ၊ ထောင်တွင်းစိုက်ခင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် မော်လမြိုင်အချုပ်ထောင်တာဝန်ခံအရာရှိတို့က အချုပ်ခံရသူနှင့် အကျဉ်းကျခံရသူများ၏ အခြေအနေ၊ နေထိုင်စားသောက်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် သောက်သုံးရေရရှိမှုတို့ကို ရှင်းလင်းတင်ပြကြရာ မွန်ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်မှ ဥပဒေနှင့်အညီ ရသင့်ရထိုက်သော အခွင့်အရေးများခံစားနိုင်ရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

စည်သူ(ပြန်/ဆက်)