စစ်တွေ ဒီဇင်ဘာ ၁၃
နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ နှင့်စာစီစာကုံးပြိုင်ပွဲ များတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ အမှတ် (၄) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က နှစ် (၅၀) ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ်ဆောင်းပါးပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိကြသူများကို ဆုချီးမြှင့်သည့်ပွဲဖြစ်သည့်အတွက် ထူးခြားပြီးအမှတ်တရဖြစ်ရမည့်နေ့ဖြစ်ကြောင်း၊ ယခုနှစ်တွင် အားကစားပြိုင်ပွဲများနှင့်ဆောင်းပါးပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲများကျင်းပပြီး ဆောင်းပါးပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်မှာ ရခိုင်ပြည်နယ်နှင့်ပတ်သက်သည့် ရခိုင့်နောက်ခံသမိုင်းကြောင်းများ၊ ပထဝီဝင်အနေအထားများနှင့် ရခိုင်ပြည်နယ်၏ လက်ရှိဖြစ်ပေါ်တိုးတက်နေမှုများကို ပြိုင်ပွဲဝင်များလေ့လာသိရှိခြင်းဖြင့် ရခိုင်ပြည်နယ်နှင့်ပတ်သက်သည့် ဗဟုသုတများကို လေ့လာသိရှိသွားစေရန်ဖြစ်ကြောင်း၊ စာစီစာကုံးပြိုင်ပွဲများ ကျင်းပရသည့်ရည်ရွယ်ချက်မှာလည်း အခြေခံပညာကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဘဝ၏ အချိုးအကွေ့ဟုခေါ်သော တက္ကသိုလ်ဝင်တန်းကို ဖြေဆိုသည့်အခါ မြန်မာစာဘာသာရပ်တွင် စာစီစာကုံးကိုလည်း ဖြေဆိုကြရမည်ဖြစ်သည့်အတွက်ကြောင့် စာစီစာကုံးရေးသားသော အလေ့အကျင့်ကောင်းဖြစ်ပေါ်စေရန် ရည်ရွယ်ပြီး စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ယခုကတည်းကပင် စာစီစာကုံးကောင်း တစ်ပုဒ်ဖြစ်အောင် စီကုံးရေးသားတတ်သော အတွေ့အကြုံရရှိနိုင်အောင် စာစီစာကုံးပြိုင်ပွဲများကို ပြုလုပ်ရခြင်းလည်းဖြစ်ကြောင်း၊ ဆောင်းပါး ပြိုင်ပွဲသည် အလွတ်တန်းအနေဖြင့် ပြိုင်ပွဲဖြစ်သည့်အတွက် တက္ကသိုလ်ကျောင်းသားများ၊ ဌာနဆိုင်ရာလုပ်ငန်းခွင်မှ ဝန်ထမ်းများ၊ ထို့ပြင် ပြင်ပမှစာပေပညာရှင်များပါ ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ဆောင်ရွက်ပေးခြင်းဖြစ်သည့်အတွက်ကြောင့် သွယ်ဝိုက်သောနည်းများဖြင့် စာဖတ်ရှိန်မြှင့်တင်ရေးကို ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ နောင်နှစ်များတွင်လည်း အခါကြီးနေ့ကြီးများတွင် အခါအားလျော်စွာ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆောင်းပါးပြိုင်ပွဲများကို နိုင်ငံတော်အစိုးရက ဆောင်ရွက်သွားရန် ရည်ရွယ်ချက်များရှိကြောင်း၊ နောင်နှစ်ရခိုင်ပြည်နယ်နေ့တွင်လည်း ပြိုင်ပွဲများကို ထည့်သွင်းကျင်းပပေးသွားမည်ဖြစ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့လက်တစ်ကမ်းတွင် ရှိသောစာကြည့်တိုက်များမှ သုတ၊ ရသ၊ လင်္ကာများကို အခါအားလျော်စွာ ဖတ်ရှုမှတ်သားထားကြရမည်ဖြစ်ကြောင်းနှင့် နှစ်(၅၀)ပြည့် ရွှေရတုရခိုင်ပြည်နယ်နေ့နှင့်အတူ မကြာခင်ရောက်ရှိလာမည့် နှစ်သစ်ကူးကာလတွင် အားလုံးဘေးဘယာကင်းဝေးကြပြီး ရခိုင်ပြည်နယ်၏ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်ကြီးတည်ငြိမ်အေးချမ်းရေးအတွက် တစ်တပ်တစ်အား ကြိုးစားထမ်းရွက်ကြရန် ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အလွတ်တန်းဆောင်းပါးပြိုင်ပွဲတွင် ဆုရရှိသူများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်ဆွေဆွေမြတ်က အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း ဆုများ ပေးအပ်ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒီဇင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေး သင်တန်းကျောင်း (စစ်တွေ) ၌ ကျောင်းသား၊ ကျောင်းသူများနှင့်အတူ အထူးညနေစာစားပွဲသို့ တက်ရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအား ဆုံးမဩဝါဒစကားပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား၊ ကျောင်းသူများအတွက် Tracksuit အင်္ကျီများ ပေးအပ်ချီးမြှင့်ရာ ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူများနှင့်အတူ ညနေစာကို အတူတကွ စားသုံးခဲ့ကြကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)