မော်လမြိုင် ဒီဇင်ဘာ ၁၃
၂၀၂၄ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော သံဃာတော်များ၊ သီလရှင်များအား ဂုဏ်ပြုချီးမြှင့်ပူဇော်မည့် (၄၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မော်လမြိုင်မြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လုပ်ငန်းကော်မတီဝင်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့သည်။
အစည်းအဝေးတွင် ၂၀၂၄ ခုနှစ်၊ (၄၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပရေးဦးစီး ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ၂၀၂၄ ခုနှစ်၊ မော်လမြိုင်မြို့နယ်၊ စာဖြေဌာနတွင် အစိုးရဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲတွင် အောင်မြင်တော်မူသော စာအောင်သံဃာတော်များနှင့် သီလရှင်များအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလအတွင်း စူဠဘွဲ့နှင်းသဘင်အခမ်းအနားဖြင့် စာအောင်ဆုချီးမြှင့်ခြင်း ကျင်းပဆောင်ရွက်နိုင်ရန်အတွက် ယခုနှစ်တွင် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် နိုင်ငံတော်အစိုးရမှကျင်းပသော ပရိယတ္တိစာမေးပွဲတွင် အောင်မြင်တော်မူကြသော မော်လမြိုင်စာဖြေဌာနမှ ဓမ္မာစရိယစာအောင်သံဃာတော်(၁၉၂)ပါး၊ သီလရှင်(၂)ပါး စုစုပေါင်း (၁၃၁)ပါးနှင့် ပထမပြန်စာအောင်သံဃာတော်(၈၀၇)ပါး၊ သီလရှင်(၆၄)ပါး၊ စုစုပေါင်း (၈၇၁)ပါး၊ နိကာယ်စာအောင်သံဃာတော်(၅၅)ပါး၊ သီလရှင်(၁)ပါး၊ စုစုပေါင်း (၅၆)ပါး၊ တိပိဋကဓရ၊ တိပိဋကကောဝိဒ ရွေးချယ်ရေးစာမေးပွဲတွင် ရေးဖြေ(၂)ပုံအောင် ဆရာတော်(၁)ပါး၊ စာအောင်သံဃာတော်နှင့် သီလရှင်စုစုပေါင်း (၁၀၅၉)ပါးတို့အား စာအောင်ဆုများ ချီးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို မော်လမြိုင်မြို့နယ်၊ လှိုင်ရပ်ကွက်၊ ပရိယတ္တိဓမ္မဗိမာန်တော်ကြီး၌ အောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်သွားရန် လိုအပ်မှာဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်၊ မော်လမြိုင်မြို့နယ် ဓမ္မာစရိယနှင့် ပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော သံဃာတော်များနှင့် သီလရှင်များအား ဂုဏ်ပြုချီးမြှင့်ပူဇော်မည့် (၄၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီအသီးသီးကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ထားပြီးဖြစ်သည့်အတွက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်နိုင်ရေး အစည်းအဝေးသို့ တက်ရောက်လာကြသည့် လုပ်ငန်းကော်မတီဝင်များမှ ဝိုင်းဝန်းဆွေးနွေး အကြုံပြုတင်ပြစေလိုကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်သာသနာရေးမှူးက (၄၂)ကြိမ်မြောက် စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပခြင်းအတွက် ဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး၊ တက်ရောက်လာသော လုပ်ငန်းကော်မတီအသီးသီးမှ တာဝန်ရှိသူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက အကြုံပြုဆွေးနွေးတင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
စည်သူ (ပြန်/ဆက်)