ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ငါန်းဇွန် ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ပူးပေါင်းပြီး စာရေးဆရာ ဒေါက်တာခင်မောင်ညို၏ “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ကို လေ့လာဖတ်ရှု၍ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက အသိအမြင်ဗဟုသုတတိုးပွားစေခြင်း၊ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာပြီး တစ်ဦးနှင့်တစ်ဦး အတွေးအခေါ် အယူအဆများကို ဖလှယ်နှီးနှောနိုင်စေခြင်း စသည့် စာဖတ်ဝိုင်း ဆွေးနွေးပွဲမှ ရရှိသည့်အကျိုးကျေးဇူးများကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) မှ အဖွဲ့ဝင် မောင်ဆန်းမင်းကျော် (Grade 10)က “အောင်မြင်ဖို့တည်ဆောက်ခြင်းနှင့် အမြင်များ”ခေါင်းစဉ်ဖြင့် အောင်မြင်ခြင်းအတွက် ကိုယ်ကျင့်တရား တည်ကြည်ဖြောင့်မှန်ဖို့ လိုသလို အောင်မြင်ခြင်းရဲ့ အထောက်အကူဖြစ်တဲ့ မှန်ကန်တဲ့ အမြင်မျိုးလည်း ရှိဖို့လိုအပ်ပါကြောင်းကိုလည်းကောင်း၊ မယုဝတီကျော်(Grade 10)က “မှားမှာကို မကြောက်ပါနဲ့” ခေါင်းစဉ်ဖြင့် လူတိုင်းဟာ မိသားစုစိတ်ဓာတ်နဲ့ အမှားကို ဝန်ခံခြင်းသည် အရေးအပါဆုံးသော သိက္ခာရှိတဲ့ လုပ်ရပ်တစ်ခုဖြစ်ပြီး အမှားကရတဲ့ သင်ခန်းစာနဲ့ပဲ အောင်မြင်မှုတွေကို တည်ဆောက်ကြရမှာဖြစ်ကြောင်း၊ မိသားစုစိတ်ဓာတ်ဆိုတာ အခြေခံအားဖြင့် အမှားတွေဖြစ်မှာကြောက်လို့ မလုပ်ဘဲမနေပါနဲ့၊ အမှားကို ဝန်ခံပါစသည့် အကြောင်းအရာများကိုလည်းကောင်း၊ မမို့မို့စံက “အမြင်တွေနဲ့တည်ဆောက်ခြင်း”ခေါင်းစဉ်ဖြင့် လောကမှာ မကောင်းတာနဲ့ ကောင်းတာအကြား အဆင့်အမျိုးမျိုးရှိနေပေမဲ့ မိမိရဲ့စိတ်ကို တစ်နေရာမှာ အမှတ်ထားပြီး အစွဲမထားဖို့ လိုအပ်ကြောင်း၊ အမုန်းတရားကို အခြေခံထားရင် အစွဲထားရင် အမြင်မှန်ကန်မှု ရှိမှာမဟုတ်ကြောင်း၊ ထို့ကြောင့် မှန်ကန်တဲ့ အမြင်တွေ မြင်နိုင်မှသာ အောင်မြင်တဲ့ဘဝကို တည်ဆောက်သွားနိုင်မှာဖြစ်ကြောင်းကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက “လူမျိုးမြင့်ဖို့ စာဖတ်စို့” ခေါင်းစဉ်ဖြင့် ဘယ်နိုင်ငံမဆို လူတွေစာဖတ်နိုင်၊ စာရေးနိုင်တဲ့အရေအတွက် (ရာခိုင်နှုန်း) အပေါ်မှာ လူနေမှုအဆင့်ဟာ မူတည်လျက်ရှိပါကြောင်း၊ ရုပ်ရှင်၊ ဗွီဒီယို၊ ဗွီစီဒီတွေကို လူတွေ သိပ်ကြိုက်ကြသော်လည်း စာရေးစာဖတ်တာကို ကျော်လို့မရပါကြောင်း၊ စာမဖတ်ချင်တဲ့ ကလေးတွေမှာ စာဖတ်မတတ်ခြင်း၊ အာရုံစူးစိုက်နိုင်မှု မရှိခြင်း၊ အတွေ့အကြုံနည်းခြင်း၊ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိခြင်း ဆိုတဲ့ အချက်လေးချက်ရှိခြင်း၊ ပညာမြင့်မှ လူမျိုးမြင့်မှာဖြစ်ပြီး၊ ပညာမြင့်ဖို့ စာဖတ်ကြရမှာဖြစ်ပါကြောင်း၊ တိုင်းပြည်တိုးတက်ဖို့ လူတိုင်းမှာ တာဝန်ရှိသလို စာဖတ်ဖို့လည်း လူတိုင်းမှာ တာဝန်ရှိပါကြောင်းကိုလည်းကောင်း၊ ဒေါက်တာ ခင်မောင်ညို၏ “လူငယ်နှင့် အကောင်းဆုံးသောဘဝကို တည်ဆောက်ခြင်း” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ဖတ်ရှုနားလည်မှုများကို စာဖတ်ဝိုင်းဆွေးနွေးပွဲသို့ တက်ရောက်လာသော စာပေဝါသနာရှင်များနှင့်အတူ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။              

သက်နောင်ဦး(ငါန်းဇွန်)