သုံးခွမြို့နယ် စပါယ်ချောင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ ကွင်းဆင်းဆောင်ရွက်

သုံးခွ ဒီဇင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်၊ စပါယ်ချောင်ကျေးရွာ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှု့လာစေရန်၊ စာပေဖတ်ရှု့ခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီအချိန်က စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးမြတ်ထွေးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ကျောင်းသား/သူလေးများအား လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းများ၊ ကျောင်းသားလူငယ်နှင့်စာဖတ်ခြင်းအကြောင်း စာပေဖတ်ရှု့ခြင်းဖြင့် ကျောင်းစာကျက်မှတ်ရာတွင် အထောက်အကူပြုစေရန်နှင့် မှတ်ဥာဏ်စွမ်းရည်တိုးတက်မြင့်မားလာစေရန်လည်းကောင်း၊ စာပေသင်ကြားရာတွင် အာရုဏ်စူးစိုက်မှုအားကောင်းစေရန်  အသိပညာပေးဟောပြောခဲ့ကြောင်းသိရသည်။  ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်စန်းစန်းမော်က ကျောင်းသားလူငယ်များအား စားသုံးရန်မသင့်သောအစားအစာများအကြောင်းကို ဟောပြောခဲ့ကြသည်။   

ဟောပြောပွဲအပြီးတွင် ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော (၇၇)နှစ်မြောက်  လွတ်လက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များနှင် စာအုပ်ပြပွဲကို ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ (၁၅၃) ဦးတို့က စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။

သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဥ် ရပ်ကွက်နှင့်ကျေးရွာ အခြေခံပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲနှင့် စာအုပ်ပြပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)