မြစ်သား ဒီဇင်ဘာ ၁၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ဘူတာရပ်ကွက်အတွင်းရှိ ဘူတာ (အ.မ.က) ကျောင်းတွင် လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့မွန်းလွှဲပိုင်းအချိန်က အဆိုပါကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဘူတာ (အ.မ.က) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်းက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားပြီး လွတ်လပ်ရေးနေ့ဖြစ်စဥ်သမိုင်းအကြောင်းအရာများကို ရှင်းလင်းဟောပြောခဲ့သည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တားဆီးရေးအတွက် အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ဟောပြောပွဲအပြီးတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် လွတ်လပ်ရေးနေ့အကြောင်းသိကောင်းစရာများ အသိပညာပေးနံရံကပ်စာစောင်နှင့်လူကုန်းကူးမှုအသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှု့လေ့လာခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်နှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်၊ ဘူတာ (အ.မ.က) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်လှလှဝင်းနှင့်ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)