ဟိုပုံး ဒီဇင်ဘာ ၁၃
နိုင်ငံတော်အစိုးရက ပြည်သူများစာပေလေ့လာဖတ်ရှုစေရေး၊ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များကို လက်လှမ်းမီစွာထားရှိပေးနိုင်ရန်အတွက် စာကြည့်တိုက်အသစ်များ ဖွင့်လှစ်ထားရှိနိုင်ရေးရပ်ကွက်/ကျေးရွာအတွင်းရှိ စာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်ရေးတို့ကို အလေးထားစီစဉ်ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၊ ပေါင်လင်းကျေးရွာအုပ်စု၊ ဒုံမေးခိုးကျေးရွာတွင် စာကြည့်တိုက်ဆောက်လုပ်နေမှုအခြေအနေများကို တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထိုသို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်ကောင်းချစ်ထွန်းနှင့်တာဝန်ရှိသူများက စာကြည့်တိုက်များဖွံဖြိုးတိုးတက်စေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတက်တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း(VDP) ထောက်ပံ့ငွေကျပ်(၁၅)သန်း၊ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီက ခွဲဝေပေးသည့် ငွေကျပ်(၁၅)သန်းနှင့် ကျေးရွာပြည်သူလူထုမှ အလှူငွေကျပ်(၄)သန်းဖြင့် ပေါင်လင်းကျေးရွာအုပ်စု၊ ဒုံမေးခိုးကျေးရွာ အလျား (၆၀)ပေ၊ အနံ(၃၈)ပေ၊ အမြင့်(၁၂)ပေရှိ ဒုံမေးခိုးကျေးရွာပြည်သူ့စာကြည့်တိုက်ဆောက်လုပ်နေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တာဝန်ရှိသူများအား လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)