ဇေယျာသီရိမြို့နယ်၊ မအူတောကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဇေယျာသီရိ ဒီဇင်ဘာ ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲပြသဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ နံနက်ပိုင်းက မအူတောကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ဇေယျာသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြစန်းရီက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် လူငယ်များအနေဖြင့် စာပေ၏ တန်ဖိုး၊ မိမိစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုများကို တန်ဖိုးထားထိန်းသိမ်းရန်နှင့် စာပေကိုစဉ်ဆက်မပြတ်ဖတ်ရှုလေ့လာခြင်းဖြင့် အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်ရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာအုပ်စာပေများ ဖတ်ရှုလေ့လာရန်လိုအပ်ကြောင်း ဟောပြောခဲ့သည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက လေ့လာကြည့်ရှုမှတ်သားခဲ့ကြောင်းနှင့် အဆိုပါဟောပြောပွဲသို့ မအူတောကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူ များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)