နေပြည်တော် ဒီဇင်ဘာ ၁၃
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၂ဝ၂၄-၂ဝ၂၅ ဘဏ္ဍာရေးနှစ်အတွင်း အသက် (၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား ချီးမြှင့်ငွေပေးအပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ နေပြည်တော် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား Banking System စနစ်ဖြင့် ချီးမြှင့်ငွေပေးနိုင်ရေးအတွက် ချီးမြှင့်မည့်အစီအစဉ်များကို သက်ဆိုင်ရာ လူမှုဝန်ထမ်းရုံးများနှင့်ချိတ်ဆက်၍ စနစ်တကျပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ သက်ကြီးရွယ်အိုများအတွက် အခြေခံစားဝတ်နေရေး၊ လှုပ်ရှားသွားလာရေးနှင့် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုခံယူရေးတို့တွင် သင့်လျော်သော ချီးမြှင့်ငွေများရရှိစေရန်၊ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ ဘာသာရေးအသင်းအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ခွင့်နှင့် လူမှုအဖွဲ့အစည်း လှုပ်ရှားဆောင်ရွက်မှုများအတွင်း သက်ကြီးရွယ်အိုများ ပါဝင်ဆောင်ရွက်ခွင့်များကိုလည်း ဆောင်ရွက်ပေးရန်၊ နိုင်ငံတော်၊ ပြည်သူလူထုနှင့် ပုဂ္ဂလိက စသည့် သက်ဆိုင်ရာ အခန်းကဏ္ဍများအလိုက် ဟန်ချက်ညီညီ စနစ်တကျ ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော နေပြည်တော်သက်ကြီးရွယ်အိုများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်ဥမ္မာဆွေနှင့် ကော်မတီဝင်များက Banking System စနစ်ဖြင့် လူမှုရေးပင်စင် ချီးမြှင့်ပေးရန် ငွေထုတ်ယူမည့် အစီအစဉ်များနှင့် အခြေအနေအရပ်ရပ်ကို ရှင်းလင်းတင်ပြရာ တင်ပြချက်များနှင့် ဆက်လျဉ်း၍ လိုအပ်သည်များကို သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနိူင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ပြန်/ဆက်)