ညောင်ရွှေ ဒီဇင်ဘာ ၁၃
ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရာဂီမုန်တိုင်းအရှိန်ကြောင့် သီးနှံများရေကြီးနစ်မြုပ်ပျက်စီးခဲ့သည့် တောင်သူများအား မျိုးစေ့နှင့်သွင်းအားစုများ ပေးအပ်ပွဲကို ဒီဇင်ဘာလ (၁၁) ရက်နေ့ ညနေ (၃) နာရီက ညောင်ရွှေမြို့နယ်၊ အင်းတိန်ကျေးရွာ၌ ကျင်းပသည်။
ပေးအပ်ပွဲတွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်က စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သော ရာဂီမုန်တိုင်းအရှိန်ကြောင့် ရှမ်းပြည်နယ်တွင် မြို့နယ်ပေါင်း (၂၉) မြို့နယ်ရှိ သီးနှံ (၁၅) မျိုးရေကြီးနစ်မြုပ် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ညောင်ရွှေမြို့နယ်အတွင်း မိုးစပါး၊ အစေ့ထုတ်ပြောင်းနှင့် ခရမ်းချဥ်သီးနှံများ ရေကြီးနစ်မြုပ်ခဲ့ပြီး (၈၈၃၀) ဧက ပျက်စီးခဲ့သည်ကို သိရှိရပါကြောင်း၊ ယနေ့အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများ ပေးအပ်သွားမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့် သုံးစွဲပေးခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများကို ကောင်းစွာနားလည်မည်ဟု ယုံကြည်ပါကြောင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ တစ်ဧကအထွက်နှုန်း တိုးတက်ရေးအတွက် စိုက်ပျိုးနည်း စနစ်မှန်ကန်စေရေးအတွက် နည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်ပြသခြင်း သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာများ စနစ်တကျသုံးစွဲနည်းများကိုလည်း အခါအားလျော်စွာ ပညာပေးသွားမှာ ဖြစ်သည့်အတွက် အထွက်နှုန်းကောင်းပြီး အရည်အသွေးပြည့်မှီစွာ ထုတ်လုပ်နိုင်အောင် ကြိုးစားဆောင်ရွက်ပေးကြရန်ပြောကြားသည်။
ထို့နောက် ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာနပြည်နယ်ဦးစီးမှူး ဦးချိုန်ုင်ထွန်းမှ နေကြာသီးနှံနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တောင်သူများအား မျိုးစေ့နှင့် သွင်းအားစုများကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က ပေးအပ်ရာ တောင်သူအသီးသီးမှ လက်ခံရယူပြီး တောင်ငူများကိုယ်စား အင်းတိန်ကျေးရွာ တောင်သူဦးချမ်းမြေ့မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများနှင့်တွေ့ဆုံရာ တောင်သူများမှ လိုအပ်ချက်များတင်ပြရာ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွာမချောင်းအတွင်း ချောင်းပေါက်ကျိုးပေါက်သည့်နေရာ ပြန်လည်ပြုပြင်ခြင်းနှင့် ရေတိုက်စားမှုကာကွယ်ရန် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက်၍ သက်ဆိုင်ရာဌာနများအား မှာကြားခဲ့ပြီး အင်းတိန်အခြေခံပညာအထက်တန်းကျောင်း(အ.ထ.ကခွဲ)မှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာမများနှင့်တွေ့ဆုံရာ ကျောင်းအုပ်ဆရာမကြီးမှ ကျောင်းလိုအပ်ချက်များတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ညောင်ရွှေမြို့နယ် ရွှေဓားကျောင်းလမ်းခွဲရှိ ရေပယ်နုန်းထိန်းမံရေသောက်စနစ် ဆောင်ရွက်မည့်နေရာအား ကြည့်ရှုပြီး တောင်သူများ လိုအပ်ချက်တင်ပြမှုအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ ညောင်ရွှေမြို့နယ်တွင် ဦးလှကျော် ငါးသားဖောက်မွေးမြူရေးစခန်း (ငါးကြင်းမျိုးစိပ်)အား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူတစ်ဦးမှ ရှင်းလင်းပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ငါးကန်အား လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါ ဦးလှကျော် ငါးသားဖောက်မွေးမြူရေးစခန်းမှ မြက်စားငါးကြင်း၊ ရွှေဝါငါးကြင်း၊ ငွေရောင်ငါးကြင်း၊ ငါးမြစ်ချင်း၊ ငါးခုံးမ(ယိုးဒယား)၊ ငါးသိုင်းခေါင်းပွများ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)