နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု အဆင့်မြင့်စံပြလယ်ယာမြေ၌ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ မြေဩဇာကြဲပက်စက်၊ အစေ့ချစက်၊ စပါးရိုးပြတ်ဖြတ်စက်၊ ဆေးဖျန်းစက်များဖြင့် သရုပ်ပြစိုက်ပျိုးခြင်း လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် ဒီဇင်ဘာ ၁၃

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု အဆင့်မြင့်စံပြလယ်ယာမြေ၌ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ မြေဩဇာကြဲပက်စက်၊ အစေ့ချစက်၊ စပါးရိုးပြတ်ဖြတ်စက်၊ ဆေးဖျန်းစက်များဖြင့် သရုပ်ပြစိုက်ပျိုးခြင်းသို့ သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ ‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး အမှာစကားပြောကြားရာတွင် သီးထပ်စွမ်းအားများမြင့်မားရေး၊ ဆောင်းသီးနှံများနှင့် ဆီထွက်သီးနှံများကို အောင်မြင်အောင် စိုက်ပျိုးရေး၊ စိုက်ပျိုးသီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီစွာ ထွက်ရှိရေးတို့ကို အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ မီးခိုးမြူငွေများကြောင့် ရာသီဥတုများ အပြောင်းအလဲနှင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများဖြစ်စေခြင်းကြောင့် စပါးများရိတ်သိမ်းပြီး စပါးရိုးပြတ်များကို မီးမရှို့ဘဲ ကောက်ရိုးချေမွစက်အသုံးပြုပြီး ကောက်ရိုးများထုံးခြင်းများ၊ သဘာဝမြေဩဇာပြုလုပ်ခြင်းများ အသုံးပြု၍ရပါကြောင်း၊ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြုပြင်ခြင်း၊ မျိုးကောင်းမျိုးသန့်များသုံးစွဲခြင်း၊ သွင်းအားစုများနှင့် စိုက်ပျိုးရေများကို အလေအလွင့်မရှိ စနစ်တကျ အသုံးပြုဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ယခုသရုပ်ပြသမှုကို တောင်သူများအနေဖြင့် လေ့လာပြီး မိမိတို့ စိုက်ပျိုးရေးလုပ်ငန်းများတွင် ပြန်လည်အသုံးပြုကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများက လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်းများ၊ သီနှံများပန်တိုင်အထွက်နှုန်းရရှိရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များ၊ ပိုးသတ်ဆေးသုံးစွဲမှုပုံစံများ၊ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ယင်းနောက် ‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးတို့က တောင်သူများအား ဆောင်းသီးနှံ ပဲပုတ်မျိုးစေ့များနှင့် သွင်းအားစုများကို ပေးအပ်ခဲ့ကြသည်။

ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ ‌နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပေါင်းစပ်ညှိနှိုင်းဆောင်းရွက်ပေးခဲ့ပြီး သစ်ဆိမ့်ပင်ကျေးရွာအုပ်စု အဆင့်မြင့်စံပြလယ်ယာမြေ၌ နေပြည်တော်စက်မှုလယ်ယာဦးစီးဌာနမှ မြေဩဇာကြဲပက်စက်၊ အစေ့ချစက်၊ စပါးရိုးပြတ်ဖြတ်စက်ဖြင့် ကောက်ရိုးထုံးခြင်း၊ ဆေးဖျန်းစက်များဖြင့် သရုပ်ပြသဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံး၌ ပျိုးဥယျာဉ်တွင် ပျိုးပင်များ ပျိုးထောင်ထားရှိမှုအခြေအနေနှင့် လယ်ဝေးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး ပြည်ထောင်စုလမ်းမကြီး လမ်းဘးဝဲယာ လမ်းတိုးချဲဆောင်ရွက်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့အင်္ဂါရပ်နှင့်အညီဖြစ်စေရေး၊ သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ် စည်ပိုင်းကျေးရွာအုပ်စု၊ ချမ်းသာကြီးကျေးရွာရှိ “လပြည့်ဝန်း” ပဲဆီသန့်နှင့် မြေပဲ၊ မတ်ပဲ၊ နှမ်း ရောင်းဝယ်ရေးလုပ်ငန်းသို့ရောက်ရှိပြီး မြေပဲကြိတ်ခွဲနေမှုနှင့် ဆီစက်လုပ်ငန်းလည်ပတ်နေမှုအခြေအနေများကို ကြည့်ရှုအားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဒက္ခိဏသီရိမြို့နယ် April Four Co.,ltd Happy Goal သစ်သီးဖျော်ရည်နှင့် အချိုရည်ထုတ်လုပ်ငန်းနှင့် ရွှေအင်ကြင်းဝက်အူချောင်းလုပ်ငန်းသို့သွားရောက်၍ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို လည့်လည်ကြည့်ရှုအားပေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဖြန့်ဖြူးရောင်းချမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ထုတ်လုပ်မှုများ တိုးတက်ရေး၊ အရည်အသွေးပြည့်မီရေး၊ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်များဖြစ်စေရေးကို အလေးထားဆောင်ရွက်စေလိုကြောင်းနှင့် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အမျိုးသားပရဆေးဥယျာဉ်သို့ရောက်ရှိပြီး ပရဆေးဥယျာဉ်အတွင်း ဆေးဖက်ဝင်အပင်များ စိုက်ပျိုးထားရှိမှုများ၊ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက အမျိုးသားပရဆေးဥယျာဉ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက အများပြည်သူများ စိတ်ဝင်တစား လာရောက်လေ့လာနိုင်ရေး၊ ဆေးဖက်ဝင်အပင်များ ရောင်းချပေးနိုင်ရေး၊ ပရဆေးဥယျာဉ်အတွင်း အမြဲသန့်ရှင်းသာယာလှပစေရေးကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်းမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)