မုဒုံ ဒီဇင်ဘာ ၁၃
မွန်ပြည်နယ်မုဒုံမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်ဟင်း သီးဟင်းရွက်သီးနှံ ၁၉၈၀ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မုဒုံမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ် ဆောင်းသီးနှံများကို ဒီဇင်ဘာလမှ စတင်စိုက်ပျိုးလျက်ရှိသည်။ ဆောင်းသီးနှံများစိုက်ပျိုးမှု အခက်အခဲမရှိစေရန် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒေသခံတောင်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် စိုက်ပျိုးသီးနှံများ လျာထားချက် ပြည့်မီအောင် စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့၊ စျေး
ကွက်ဝင်သီးနှံ၊ စိုက်ပျိုးမှုနည်းပညာများ၊ အခြားတောင်သူများ လိုအပ်သည့် ပံ့ပိုးမှုများကို သီးနှံများမစိုက်ပျိုးမီ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးငြိမ်းချမ်းကျော်ကပြောသည်။
ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စားဖိုဆောင်သီးနှံ စိုက်ပျိုးမှုအဖြစ် ငရုတ် (၉၂) ဧက၊ ဖူးစားပြောင်း (၂၁၂) ဧက၊ ပဲမျိုးစုံ ( ၁၅၆ ) ဧက၊ ဆီထွက်သီးနှံ မြေပဲ၊ နှမ်း၊ နေကြာ (၁၅၂၀) ဧကကို စိုက်ပျိုးသွားမည်ဖြစ်ပြီး ပိုးမွှားအန္တရာယ်ကင်းရှင်းစေရေးနှင့် ပြန်လည်ဆွတ်ခူးသည့်အချိန်အထိ စိုက်ပျိုးရေးဝန်ထမ်းများက စိုက်ခင်းများအရောက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ (ပြန်/ဆက်)