ရန်ကုန် ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထများ ရရှိလာစေရန်ရည်ရွယ်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တာဝန်ရှိသူများ တက်ရောက်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ဦးစွာ အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်၊ ရန်ကုန်တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ လှည်းကူးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦး၊ ခရိုင်ပညာရေးမှူး ဒေါ်မြတ်မြတ်ထွေးနှင့် အ.ထ.က(လှည်းကူး) ကျောင်းအကျိုးတော်ဆောင် ဦးကောင်းမြတ်တို့က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့မှပူးပေါင်း၍ ကျောင်းစာကြည့်တိုက်တွင် ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုနေမှု မြန်မာ့သိုင်း၊ တိုက်ကွမ်ဒိုသရုပ်ပြသနေမှုများကိုလည်းကောင်း ကြည့်ရှုအားပေးပြီး၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာ/ပုံပြင်ပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ လူငယ်စကားဝိုင်း၊ လှပသာယာပြည်မြန်မာ ဓာတ်ပုံပြပွဲများ၊ ပုဂ္ဂလိကစာအုပ်အရောင်းဆိုင်များနှင့်ချိတ်ဆက်၍ စာအုပ်ဈေးရောင်းပွဲများ၊ ကျောင်းသား၊ ကျောင်းသူများမှ သိပ္ပံပြခန်း၊ ကျောင်းသား/သူများမှ ရုပ်ပုံဆက်၊ စကားပုံဆက်၊ Spin wheel၊ မြှားပစ်၊ ဆေးရောင်ခြယ်၊ တာယာကွင်း ဘောလုံးကန်၊ နို့ဆီဗူးပစ်၊ အရုပ်သရေကွင်းပစ်၊ စက္ကူခေါက်၊ ပူပေါင်းမြှားပစ်၊ ဘယ်ခြေညာလက်၊ လက်ကောက်ကွင်းပစ်ကစားနည်းပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု၊ ဖျော်ဖြေရေးအဖွဲ့များ ဖျော်ဖြေတင်ဆက်နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ဦးစွာ အခြေခံပညာအထက်တန်းကျောင်း(အင်းတိုင်)မှ ကျောင်းသား၊ ကျောင်းသူများက မြန်မာစာပေယဉ်ကျေးမှုအမွေ၊ အခြေခံပညာအထက်တန်းကျောင်း(လှည်းကူး)မှ ကျောင်းသား၊ ကျောင်းသူများက အလှဆုံးပန်းများပွင့်ကြမည်သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းစာကြည့်တိုက်အတွက် စာအုပ် (၁၀၀)အုပ်လှူဒါန်းရာ လှည်းကူးမြို့နယ် ပညာရေးမှူးနှင့် အ.ထ.က(လှည်းကူး)မှ ကျောင်းအုပ်ဆရာမကြီးတို့က လက်ခံရယူပြီး၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် ဟောပြောမည့် အမျိုးသားစာပေဆုများရှင် စာရေးဆရာဟိန်းလတ်အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ခဲ့သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းလှူဒါန်းသော ငွေကျပ် (၅၄)သိန်းအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းဦးကလည်းကောင်း၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများမှလှူဒါန်းသည့် ငွေကျပ် (၅၆)သိန်းအား ပြည်တော်သာအုပ်ချုပ်ရေးမှူး ဦးကိုကိုမောင်မှလည်းကောင်း၊ အ.ထ.က (လှည်းကူး) မိဘဆရာအသင်းမှ ငွေကျပ်(၄၂)သိန်းအား မိဘဆရာအသင်းကိုယ်စားလှယ်(၂)ဦးမှလည်းကောင်း၊ ဓမ္မမာမကဆရာတော်မှ စာအုပ်(၅၀၀)အုပ်အား ကပ္ပိယကာရကဦးကောင်းမြတ်မှလည်းကောင်း၊ မြို့နယ်စာရေးဆရာအသင်းမှ စာအုပ်(၁၅၀)အုပ်အား မြို့နယ်စာရေးစရာအသင်းဥက္ကဋ္ဌ ရွှေဒါးမောင်မြင့်ထွန်းမှလည်းကောင်း လှူဒါန်းရာ လှူဒါန်းမှုများကို တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုဖြေဖျော်ခဲ့ကြသည့် ကျောင်းသား/သူများအတွက် ဂုဏ်ပြုဆုငွေပေးအပ်ချီးမြှင့်ရာ အ.ထ.က(လှည်းကူး)မှ ကျောင်းသား/သူများက လက်ခံရယူခဲ့ပြီး ပထမပိုင်းအခမ်းအနားအပြီးတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များက ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ဆက်လက်၍ ဒုတိယပိုင်းအခမ်းအနားကို ကျင်းပရာ အမျိုးသားစာပေများဆုရှင် စာရေးဆရာဟိန်းလတ်က စာဖတ်ခြင်း၏အကျိုးကျေးဇူးခေါင်းစဉ်ဖြင့် စာပေဟောပြောသည်။ ထို့နောက် စာစီစာကုံး၊ စိတ်ကြိုက်ပန်းချီဆွဲ၊ ကဗျာရွတ်ဆို၊ ပုံပြင်ပြောနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ဆုရရှိသော ကျောင်းသား/သူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)