ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ပေါ်ရှိ ယာယီနေရပ်စွန့်ခွာစခန်းများမှ ကိုယ်ဝန်ဆောင် မိခင်များနှင့်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံနေမှုနှင့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရ ဖြည့်စွက်စာများ ကျွေးမွေးနေမှု လှည့်လည်ကြည့်ရှုအားပေး

စစ်တွေ  ဒီဇင်ဘာ ၁၂

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်ဆွေဆွေမြတ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ သံဃရာဇာ ဝိဟာရဘုန်းတော်ကြီး ကျောင်းတိုက်၌ ယာယီနေရပ်စွန့်ခွာစခန်းများမှ ကိုယ်ဝန်ဆောင် မိခင်များနှင့်ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံနေမှုအား လှည့်လည်ကြည့်ရှုအားားပေးကြပြီး ဘောက်သီးစုရပ်ကွက် အခြေခံ ပညာမူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအား အာဟာရ ဖြည့်စွက်စာများ ကျွေးမွေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများသည် စစ်တွေမြို့၊ သံဃရာဇာဝိဟာရ ဘုန်းတော်ကြီး ကျောင်းတိုက်သို့သွားရောက်ပြီး ယာယီနေရပ်စွန့်ခွာစခန်းမှ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက် (၂)နှစ်အောက် ကလေးငယ်များအား ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကြည်လွင် ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ကာကွယ်ဆေးထိုးနှံပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးအသိပညာပေးဟောပြောနေမှုကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးကာ ကိုယ်ဝန်ဆောင်မိခင်များအား အာဟာရဖြည့်စွက်စာများပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကလေးငယ်များအတွက် အာဟာရ ဖြည့်စွက်စာနှင့် ကစားစရာပစ္စည်းများပေးအပ်ကြပြီး ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် ရောက်ရှိလာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဘောက်သီးစုရပ်ကွက် အခြေခံပညာ မူလတန်းကျောင်း၌ ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့က ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးပစ္စည်းများပေးအပ်ခြင်းနှင့် အာဟာရကျွေးမွေးနေမှုတို့ကို သွားရောက် ကြည့်ရှုအားပေးကြသည်။ ထိုသို့သွားရောက်ကြည့်ရှုစဉ် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတို့က ကျောင်းသား၊ ကျောင်းသူများအတွက် သင်ထောက်ကူပစ္စည်းများကို ကျောင်းအုပ်ဆရာကြီးနှင့် ကျောင်းသား၊ ကျောင်းသူများအား ပေးအပ်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)