ဇမ္ဗူသီရိမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဇမ္ဗူသီရိ ဒီဇင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၌ (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက တဲကြီးကုန်းကျေးရွာ၊ အမှတ်(၇၃)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးပြည့်ဖြိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နီလာစိုးက (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အား ကျောင်းသားလူငယ်များ၏ အသိစိတ်ထဲတွင် အမြဲထာဝရကိန်းအောင်းရှင်သန်နေစေရန်၊ လွတ်လပ်ရေးကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်နှင့် မြန်မာ့လွတ်လပ်ရေးကာလတစ်လျှောက် ချုပ်ဆိုခဲ့သောစာချုပ်များအကြောင်းများအား ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး အသိပညာပေးဟောပြောခဲ့သည်။ 

ထို့နောက် ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက ဇမ္ဗူသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကပြသထားသည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များ၊ လူငယ်ရေးရာနှင့်သက်ဆိုင်သည့် စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဟိန်းသူအောင်(ပြန်/ဆက်)