နေပြည်တော် ဒီဇင်ဘာ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်ကို Green City, Clean City, Smart City ဖြစ်စေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ နေပြည်တော်အတွင်း မြို့နယ်များအလိုက် မြစ်၊ ချောင်း၊ ရိုးများ၊ ရေမြောင်းများ၊ ရေထုတ်မြောင်းများ ပိတ်ဆို့မှုမရှိစေရေး၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေရှည်တည်တံ့သည့် အစီအမံများဖြင့် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ငါးထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်စေရေး၊ မွေးမြူရေးဇုန်များတွင် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြင့် ငါး၊ အသား၊ နို့၊ ဥ ဖူလုံစေပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေမှာဖြစ်ကြောင်း၊ ပြည်တွင်းစားသုံးမှု ဖူလုံစေရေးနှင့် ထုတ်ကုန်အရည်အသွေး မြင့်မားတိုးတက်ထုတ်လုပ်နိုင်ရေးကို ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နေပြည်တော်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးရှင်းလင်းတင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက် ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့်အတူ ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက် (၂၁) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲအုပ်စုပွဲစဉ်ဖြစ်သည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ဝဏ္ဏသိဒ္ဓိအားကစားကွင်း လေ့ကျင့်ရေးကွင်း(၃)တွင် ယှဉ်ပြိုင်ကစားကြနေမှုကို သွားရောက်ကြည့်ရှုအားပေးရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အနိုင်ရရှိသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အသင်းမှ အားကစားသမားများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)