နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် နေပြည်တော်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်ချုပ်နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားတက်ရောက်

နေပြည်တော် ဒီဇင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနနှင့် နေပြည်တော် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် စက်ချုပ်နည်း ပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၁၀) နာရီတွင် ဇေယျာသီရီမြို့နယ်၊ ရှားစေးဖိုကျေးရွာ သက်စုံသုံးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ဖိရပ်ဖများနှင့် သင်တန်းသူများ တက်ရောက်ကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေးအတွက် စက်ချုပ်နည်းပညာသင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှ သင်ကြားပို့ချပေးလိုက်သည့် စာတွေ့လက်တွေ့ သင်ခန်းစာများကို ဂရုတစိုက်လေ့လာသင်ယူပြီး မိမိတို့၏ လုပ်ငန်းခွင်များတွင် လုပ်ငန်းများတိုးတက်အောင် တီထွင်ကြံဆပြီး ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စက်ချုပ်နည်းပညာသင်တန်းအတွက် ထောက်ပံ့ငွေများနှင့် သင်တန်းသုံးပစ္စည်းများကို တာဝန်ရှိသူများနှင့် သင်တန်းသူများအား ပေးအပ်သည်။ ယင်းနောက် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အလုပ်သမားညွှန်ကြားရေးဦးစီးဌာန တိုင်းဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း၏ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက စက်ချုပ်နည်းပညာသင်တန်းတွင် အသုံးပြုသင်ကြားမည့် သင်ထောက်ကူပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးသည်။ အဆိုပါ သင်တန်းတွင် ရှားစေးဖိုကျေးရွာ၊ ကြို့ကုန်းကျေးရွာနှင့် သပြေပင်ကျေးရွာတို့မှာ သင်တန်းသား၊ သင်တန်းသူ (၂၀) ဦးတက်ရောက်ကြပြီး သင်တန်းကာလမှာ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမှာဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)