နေပြည်တော် ဒီဇင်ဘာ ၁၂
၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွင် နိုင်ငံတော်စီမံကိန်းဖြစ်သည့် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းအား ပါဝင်ဆောင်ရွက်ခဲ့သည့် စာရင်းစစ်/စာရင်းကောက်ဆရာ၊ ဆရာမများနှင့် မြို့နယ်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီတို့အား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များ၊ နေပြည်တော်သန်းခေါင်စာရင်း ကြီးကြပ်မှု ကော်မတီဝင်များ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ စာရင်းစစ်/စာရင်းကောက်ဆရာ၊ ဆရာမများ တက်ရောက်ကြသည်။
ဦးစွာ နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ကောက်ယူခဲ့ကြရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အနေဖြင့် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ သတ်မှတ်ကာလအတွင်း ရာနှုန်းပြည့်အောင်မြင်စွာ ကောက်ယူနိုင်ခဲ့သည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် အပါအဝင် မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာ သုတေသနပြုပြီး လိုအပ်သော မူဝါဒ၊ စီမံကိန်း၊ မဟာဗျူဟာ၊ နည်းဗျူဟာများကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ သန်းခေါင်စာရင်း ကောက်ယူခြင်းမှရရှိလာသည့် အချက်အလက်များသည် နိုင်ငံ၏ ကဏ္ဍအလိုက် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းတွေကို ထိထိရောက်ရောက် အကောင်အထည်ဖေါ် ဆောင်ရွက်နိုင်မှာဖြစ်ကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်အနက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲစာရင်းမှန်ကန်စေရေးကို ချိန်ညှိဖို့အတွက်လည်း အထောက်အကူ ဖြစ်မှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများက ၂ဝ၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် စာရင်းစစ်/စာရင်းကောက်ဆရာ၊ ဆရာမများနှင့် မြို့နယ်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီတို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကြသည်။
ယင်းနောက် နေပြည်တော် သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းအား ပါဝင်ဆောင်ရွက်ခဲ့သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)