ပုဗ္ဗသီရိမြို့နယ် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ပုဗ္ဗသီရိ ဒီဇင်ဘာ  ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတရရှိစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြပွဲပြသဆောင်ရွက်ခြင်းတို့ကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲက အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးက လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက်  ဟောပြောပွဲကို ဆက်လက်ပြုလုပ်ရာ "လူငယ်နှင့်စာပေ"၊ "လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်"၊ "လူငယ်နှင့်လူကုန်ကူးမှု အန္တရာယ်" စသည့်ခေါင်းစဉ်များဖြင့် အသိပညာပေး ဟောပြောခဲ့သည်။ ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ ဦးစီးအရာရှိ ဒေါ်နန်းဆွေဆွေအေးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားခဲ့ကြောင်းနှင့် အဆိုပါ ဟောပြောပွဲသို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၅၀)ဦးခန့်  တက်ရောက်ခဲ့ကြောင်း သိရသည်။

နန်းရွှေရတီ(ပြန်/ဆက်)