ခရမ်း ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းဆေးကုဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းတို့ပူးပေါင်း၍ ကျောင်းသား/သူများကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ဖတ်ရှုလာစေရန်နှင့် အသိပညာဗဟုသုတများတိုးပွားလာစေရန်ရည်ရွယ်၍ ယနေ့နံနက် (၁၀) နာရီအချိန်က ခရမ်းမြို့ အမှတ်(၈)အခြေခံပညာမူလတန်းကျောင်းခန်းမ၌ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြသပွဲကို ကျင်းပပြုလုပ်ခဲ့ကြသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်နှင်းဝေက ကျောင်းသား/ကျောင်းသူများအား ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိမည့် စာပေများကို ဖတ်ရှုလေ့လာစေလိုကြောင်း စာဖတ်ခြင်း၏အကျိုးကျေးဇူးများအကြောင်းနှင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် မြို့နယ်တိုင်းရင်းဆေးကုဦးစီးဌာန မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်လှမြတ်ထက်က ရာသီဥတုအလိုက် နေထိုင်စားသောက်ပုံနည်းလမ်းများ၊ အစာအုပ်စု(၃)အုပ်စုနှင့်အညီ စားသောက်ပုံနည်းလမ်းများအား အကျယ်တဝင့်ဟောပြောခဲ့ပြီး မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်ကျော့ကေခိုင်က ကျောင်းသား/ကျောင်းသူများ နေ့စဉ်စားသုံးနေသော အစားအစာများ စားသုံးရာတွင် လိုက်နာရမည့်အချက်များ၊ စားသုံးသူအခွင့်အရေးများအား ရှင်းလင်းဟောပြောပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များကို ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်းစားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်းသိရသည်။
ခရမ်း (ပြန်/ဆက်)