တောင်ဥက္ကလာပမြို့နယ် Community Centre တွင် (၇၇)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို စာစီစာကုံးပြိုင်ပွဲကျင်းပ

တောင်ဥက္ကလာပ ဒီဇင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ပူးပေါင်း၍ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်‌‌‌‌‌‌အကြို အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်‌ဆွေနှင်းက ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် ၇၇ နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို ‌ပြိုင်ပွဲနှင့်ဟောပြောပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် “လွတ်လပ်ရေးနေ့တို့မမေ့” ခေါင်းစဉ်ဖြင့် တောင်ဥက္ကလာပမြို့နယ် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်သူများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်ဆုရရှိသူများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဆွေနှင်း၊ အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာမဒေါ်မြသန်းနွယ်နှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင် ဒေါ်မြင့်မြင့်ဦးတို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

စာစီစာကုံးပြိုင်ပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များနှင့် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ဥက္ကလာပမြို့နယ်ရုံးမှ (၇၇) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်ပြသထားမှုနှင့် စာအုပ်စာစောင်များ ခင်းကျင်းပြသထားမှုအား ကြည့်ရှုလေ့လာခဲ့ကြကြောင်း သတင်းရရှိသည်။

ခင်ဆွေနှင်း (ပြန်/ဆက်)