တွံတေး ဒီဇင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်ခြင်း သင်တန်းအမှတ်စဥ် (၆/၂၀၂၄/ ရက) ကို ယနေ့ နေ့လယ် (၁) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တွံတေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ အဖွဲ့ဝင် (၂) ဦးဝင်းမြင့်တို့က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာမင်းညွန့်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် တွံတေးခရိုင်အတွင်းရှိ မြို့နယ်များမှသင်တန်းသား၊ သင်တန်းသူ (၃၀) ဦးကို နည်းပြဆရာ၊ ဆရာမများက မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းသမိုင်းနှင့် မေထုန်မဲ့သားစပ်ခြင်း၏အကျိုးနှင့် အပြစ်၊ နွားနှင့်ဆိတ်အမမျိုးပွားအင်္ဂါခန္ဓဗေဒနှင့် ဇီဝကမ္မဗေဒနှင့်ဟော်မုန်းများ၊ နွားနှင့်ဆိတ်မျိုးများနှင့် တိရိစ္ဆာန်ကိုင်တွယ် ထိန်းချုပ်ခြင်း၊ မြိုင်ပေါ်လက္ခဏာများ၊ မျိုးပွားမှုဆိုင်ရာ အာဟာရနှင့် မြိုင်ညှိခြင်း၊ မေထုန်မဲ့သားစပ် ကိရိယာပြင်ဆင်ခြင်းနှင့် မျိုးရေခဲချောင်းထိန်းသိမ်းခြင်း၊ ဌာနမှဆောင်ရွက်နေသော မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာလုပ်ငန်းများအကြောင်းတို့ကို နည်းပြဆရာ၊ ဆရာမများက ဒီဇင်ဘာ (၁၀) ရက်နေ့မှ (၁၄) ရက်နေ့အထိ စာတွေ့၊ လက်တွေ့များသင်ကြားပေးမည် ဖြစ်ကြောင်းသိရသည်။ အလားတူ နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်ခြင်းသင်တန်းအမှတ်စဉ် (၃/၂၀၂၄/ရက) အားသင်တန်းသား (၂၀) ဦးဖြင့်တွံတေးမွေးမြူရေးဇုန်တွင် (၇.၁၀.၂၀၂၄) ရက်နေ့မှ (၁၁.၁၀.၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်ခဲ့ကြောင်းလည်း သိရှိရသည်။
သင်တန်းတန်းဖွင့်ပွဲသို့ တွံတေးမြို့နယ်အဆင့် ဌာနဆိုင်ရာများတွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၃၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
တွံတေးသား
ဦးမျိုးလှိုင်